ထိုင်းနိုင်ငံ၏ ပင်မလေဆိပ်ကြီးဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ် (Suvarnabhumi Airport) ၌ ထိုင်းလေကြောင်းလိုင်း (Thai Airways International) ၏ ရေကြီးမှုနှင့် မြေပြင်ဝန်ဆောင်မှု (Ground-handling) ဝန်ထမ်း အင်အား ပြင်းထန်စွာ နည်းပါးမှုကြောင့် ခရီးသည်ထောင်ပေါင်းများစွာမှာ ခရီးဆောင်အိတ်များ ရယူရန် ၅ နာရီမှ ၆ နာရီအထိ ကြန့်ကြာခဲ့ရပြီး ပြင်းထန်သော စုံစမ်းစစ်ဆေးမှုများနှင့် ဒဏ်ကြေးများ ကြုံတွေ့နေရကြောင်း သိရပါတယ်။
လေဆိပ်သို့ ဆိုက်ရောက်လာသည့် ပြည်တွင်း/ပြည်ပ ခရီးသည်များသည် ခရီးဆောင်အိတ် ထုတ်ယူသည့်နေရာ (Baggage Carousels) တွင် ၅ နာရီမှ ၆ နာရီအထိ ကြန့်ကြာခဲ့ရပြီး အချို့မှာ နောက်တစ်နေ့မှသာ အိတ်များ ပြန်လည်ရရှိခဲ့ကြသည်။
လေကြောင်းလိုင်း ဝန်ထမ်းများဘက်မှ လာရောက် ရှင်းလင်းပြောကြားခြင်း သို့မဟုတ် အကူအညီပေးခြင်းမရှိဘဲ သတင်းအချက်အလက် ပေးပို့မှု ပျက်ပြားခဲ့သည်။ ခရီးသည်များမှာ ၎င်းတို့အချင်းချင်း သတင်းမေးမြန်းကာ အိမ်ပြန်ရမည် သို့မဟုတ် ဆက်လက်စောင့်ရမည်ကို ဆုံးဖြတ်ခဲ့ကြရသည်။
ပျောက်ဆုံးပစ္စည်းဌာန (Lost and Found) သို့ သွားရောက်မေးမြန်းသူများကို အိမ်သို့ ပြန်ကာ နောက်တစ်နေ့ နံနက်မှ လေဆိပ်သို့ ကိုယ်တိုင် ပြန်လာထုတ်ရန်သာ အကြံပြုခဲ့ပြီး အိမ်အရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု လုံးဝမရရှိခဲ့ပေ။
သုဝဏ္ဏဘူမိ လေဆိပ်တွင် အိတ်ဆောင်ရွက်သည့် ကန်ထရိုက်တာ ၂ ခုရှိသည့်အနက် Thai Airways သည် မိမိ၏ လေကြောင်းလိုင်းအပြင် အခြား မိတ်ဖက် လေကြောင်းလိုင်းများအတွက်ပါ အိတ်များကို တာဝန်ယူ ကိုင်တွယ်ပေးနေရသည်။ Thai Airways သည် မိတ်ဖက် လေကြောင်းလိုင်းများနှင့် စာချုပ်ပါ ဒဏ်ကြေး ပေးဆောင်ရမည်ကို စိုးရိမ်သဖြင့် မိတ်ဖက်လေကြောင်းလိုင်းများ၏ အိတ်များကို ဦးစားပေး စီမံပေးခဲ့ကာ မိမိ၏ ကိုယ်ပိုင် ခရီးသည်များကို ပစ်ပယ်ထားခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းတွေ့ရှိရသည်။
ဂျပန်ခရီးသည်တစ်ဦး၏ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သော ဝေဖန်မှု၌ ဘန်ကောက်တွင် ရေကြီးနေစဉ် လေကြောင်းလိုင်းများ အနေဖြင့် ဝန်ထမ်းမလုံလောက်ပါက ခရီးစဉ်များကို ဖျက်သိမ်း သို့မဟုတ် ရွှေ့ဆိုင်းသင့်ကြောင်း၊ ယခုကဲ့သို့ စီမံခန့်ခွဲမှု အမှားများအတွက် အစိုးရနှင့် လေကြောင်းလိုင်းက တာဝန်ယူသင့်ကြောင်း ရေးသားထားသည်။
ထိုင်းလေဆိပ်များ အာဏာပိုင်အဖွဲ့ (AOT) နှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနတို့က အဆိုပါ ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိပြီး ဝန်ဆောင်မှု အဆင့်အတန်း လျှော့နည်းမှုအတွက် Thai Airways အား ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ကြေးများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ရန် ပြင်ဆင်နေကြောင်း အတည်ပြုထားသည်။
Source;The Nation
