ထိုင်းတွင် ရေကြီးစဉ် Leptospirosisရောဂါ ကူးစက်သူ ၃,၃၀၀ ကျော်ရှိလာပြီး ၄၆ ဦး သေဆုံး၊ ဘွတ်ဖိနပ် ဝတ်ဆင်ရန် သတိပေး

ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း ရေထဲမှတစ်ဆင့် ကူးစက်တတ်သည့် လေးတိုစပိုင်ရိုးဆစ် (Leptospirosis) ကြွက်ဆီးရောဂါ ကူးစက်ခံရသူ ၃,၃၀၃ ဦးနှင့် သေဆုံးသူ ၄၆ ဦးအထိ ရှိလာသဖြင့် ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က ပြည်သူများအား အထူးသတိပြုကြရန် အရေးပေါ် အသိပေးလိုက်ပါတယ်။

ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ ကိန်းဂဏန်းများအရ အသက် ၆၀ နှင့်အထက် လူကြီးများတွင် ကူးစက်မှု အများဆုံးဖြစ်ပြီး၊ ရေနှင့် ရွှံ့နွံများကို မကြာခဏ ထိတွေ့ရသည့် စိုက်ပျိုးရေး လုပ်ကိုင်သူများတွင် အများဆုံး ဖြစ်ပွားလျက်ရှိသည်။

ကြွက်၊ ခွေး၊ နွား၊ ကျွဲ၊ ဝက်နှင့် ဆိတ် စသည့် တိရစ္ဆာန်များ၏ ဆီးတွင် ပါဝင်သော Leptospira ဗက်တီးရီးယားများသည် ရေထုနှင့် ရွှံ့နွံများအတွင်း ပါဝင်နေသည်။ အဆိုပါ ရေညစ်လှမ်းများမှတစ်ဆင့် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ၊ ရေရှည် ရေစိုးထား၍ ပျော့ပျောင်းနေသော အရေပြား၊ သို့မဟုတ် မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့မှတစ်ဆင့် စိမ့်ဝင် ကူးစက်နိုင်သည်။

ရေကြီးနေစဉ် ရေထဲ လမ်းလျှောက်ခြင်း၊ ရွှံ့နွံများ ဖြတ်သန်းခြင်းနှင့် ရေကျသွားပြီးနောက် အိမ်များ ရှင်းလင်းရေး ပြုလုပ်ချိန်တို့တွင် ကူးစက်ရန် အန္တရာယ် အမြင့်ဆုံးဖြစ်သည်။

ပြင်းထန်စွာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေသလုံး သို့မဟုတ် ပေါင်ကြွက်သားများ အလွန်အမင်း နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် မျက်လုံးနီရဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်သီယန် (Montien Kanasawat) က သေဆုံးသူ အများစုမှာ ဆေးရုံသို့ နောက်ကျမှ ရောက်ရှိခဲ့ကြသူများ ဖြစ်သည်ဟု ဆိုသည်။ မိမိဘာသာ ဆေးဝယ်သောက်ခြင်း မပြုဘဲ ရေညစ်များ ထိတွေ့ပြီးနောက် အထက်ပါ လက္ခဏာများ ပြပါက ဆရာဝန်ထံ ချက်ချင်း ပြသ၍ ရေကြီးမှုနှင့် ထိတွေ့ခဲ့ကြောင်း အသိပေးရမည်။

🛡️ ကာကွယ်ရန် ဆောင်ရွက်ရမည့် အချက်များ

-ကာကွယ်ရေး ပစ္စည်းများ ဝတ်ဆင်ပါ: ရေကြီးနေသော ဧရိယာများသို့ သွားရောက်ပါက သို့မဟုတ် ရေကျပြီးနောက် အိမ်ရှင်းလင်းပါက မဖြစ်မနေ ဘွတ်ဖိနပ် (Boots) များ ဝတ်ဆင်ပါ သို့မဟုတ် ပလတ်စတစ်အိတ်များဖြင့် ခြေထောက်ကို စနစ်တကျ ထုပ်ပိုးပါ။

-တစ်ကိုယ်ရေ သန့်ရှင်းရေး: ရေကြီးသည့်ရေများကို ထိတွေ့ပြီးပါက ဆပ်ပြာဖြင့် လက်ကို စနစ်တကျ ဆေးကြောပါ၊ ချက်ချင်း ရေချိုးပါ။

-ကြွက်န္တရာယ် ကင်းဝေးရေး: အိမ်အနီးပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထားရှိပြီး ကြွက်များ မခိုအောင်းနိုင်အောင် ဆောင်ရွက်ပါ။

📞 အရေးပေါ် ဆက်သွယ်ရန်

ရောဂါ သတင်းအချက်အလက်များနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ထိုင်းရောဂါထိန်းချုပ်ရေး ဦးစီးဌာန (DDC) ဟော့လိုင်း 1422 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

Source;Thaiger