ချာချိုအင်ဆာအိုတွင် ၂ ထပ်ငှားအိမ်ကြီး ပြိုကျ၊ ပိတ်မိနေသူနှင့် ခွေးလေးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့

ထိုင်းနိုင်ငံ၊ ချာချိုအင်ဆာအို (Chachoengsao) ခရိုင်၊ ခလောင်န (Khlong Na) တိုက်နယ်ရှိ ၂၀ ခန်းတွဲ ၂ ထပ်ငှားအိမ်ကြီးမှာ အောက်ခြေနိမ့်ဆင်းပြီး နောက်သို့ ယိမ်းစိုင်းပြိုကျခဲ့သဖြင့် အခန်းတံခါး ပိတ်သွားကာ အသက် ၂၈ နှစ်အရွယ် အငှားနေသူ အမျိုးသားတစ်ဦး ပိတ်မိခဲ့သလို၊ ပိုမိုရေးနီးယန်း (Pomeranian) ခွေးလေးတစ်ကောင်ပါ ကျန်ရစ်ခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

နံနက် ၁၀:၀၀ နာရီခန့်တွင် အဆောက်အဦ မြေနိမ့်ဆင်းပြီး ယိမ်းစိုင်းသွားမှုကြောင့် အခန်း (၁၀၄) ၏ တံခါးဘောင်များ ညှပ်သွားကာ အသက် ၂၈ နှစ်အရွယ် ကိုခရစ်စနာ (Kritsana) မှာ အခန်းထဲတွင် ပိတ်မိသွားခဲ့သည်။ အိမ်ရှင်ဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဦးဆော့ဖွန်ဝစ် (Sophonwit) က တူရွင်း/တူဖြင့် တံခါးကို ရိုက်ခွဲကာ ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်။

ရေဘေးရှောင်လာသူ အသက် ၃၀ အရွယ် အငှားနေသူ မပနီဒါ (Panida) မှာ အဆောက်အဦ ပြိုကျမည်ကို စိုးရိမ်၍ အထက်ထပ်တွင် ကျန်ရစ်ခဲ့သော မိမိ၏ ပိုမိုရေးနီးယန်း ခွေးလေးအတွက် ငိုယိုစိုးရိမ်နေခဲ့ရာ၊ အိမ်ရှင် ဦးဆော့ဖွန်ဝစ်နှင့် အလုပ်သမားတစ်ဦးတို့က အန္တရာယ်ကြားမှ အထက်ထပ်သို့ တက်ရောက်ကာ ခွေးလေးကို ဘေးကင်းစွာ ပြန်လည်ကယ်ထုတ်ပေးခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အဆိုပါ ၂ ထပ်ငှားအိမ်၏ အောက်ခြေနံရံများတွင် ကြီးမားသော အက်ကြောင်းများ ပေါ်ပေါက်လာပြီး လှေကားမှာ နိမ့်ဆင်းသွားကာ အဆောက်အဦတစ်ခုလုံး နောက်ဘက်နှင့် ညာဘက်သို့ သိသိသာသာ စိမ်းစိုင်းသွားခဲ့သည်။

အဆိုပါ ဧရိယာတွင် လွန်ခဲ့သည့် ၂ ရက်မှ ၃ ရက်အတွင်း ရေကြီးရေလျှံခဲ့ပြီး အဆောက်အဦ ဘေးနှင့် အနောက်ဘက်ရှိ မြောင်းနှင့် ရေကန်တို့မှ ရေများ စိမ့်ဝင်ခဲ့သဖြင့် မြေဆီလွှာ အားနည်းကာ နိမ့်ဆင်းသွားခြင်းဖြစ်သည်။

သတင်းထောက်များ ရောက်ရှိနေချိန်တွင်ပင် မိနစ် ၃၀ မှ ၄၅ မိနစ်ခြားတစ်ကြိမ် အဆောက်အဦ မြည်ဟီးသံများ ဆက်လက်ထွက်ပေါ်နေသည်။

အဆောက်အဦအတွင်း နေထိုင်သူ အားလုံးကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး ပစ္စည်းများကိုမူ ဆက်လက်ပြိုကျနိုင်ချေရှိသဖြင့် ထားရစ်ခဲ့ရသည်။

ခလောင်န တိုက်နယ် အုပ်ချုပ်ရေးမှူးနှင့် အင်ဂျင်နီယာ အရာရှိများ၊ မြို့ပြစီမံကိန်း အရာရှိများက အဆောက်အဦ၏ ကြံ့ခိုင်ရေးနှင့် ဆက်လက်နေထိုင်ရန် သင့်မသင့် အသေးစိတ် စစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

Source;Khaosod