ရေအနက် ၁ မီတာအထိ မောင်းနိုင်သည့် အမြင့်တက်ဘေးတွဲဆိုင်ကယ် ယာလာမြို့၌ တီထွင်၊ ကြည့်ရှုသူ ၃ သန်းကျော်ဖြင့် ရေပန်းစား

ထိုင်းနိုင်ငံတောင်ပိုင်း၊ ယာလာ (Yala) ခရိုင်တွင် မိုးရွာသွန်းပြီး ရေကြီးရေလျှံလေ့ရှိသဖြင့် ဒေသခံများ သွားလာရေး လွယ်ကူစေရန်အတွက် အသက် ၅၅ နှစ်အရွယ် ဆိုင်ကယ်ပြင်ဆရာတစ်ဦးက ရေအနက် ၁ မီတာ (၃ ပေကျော်) အထိ မောင်းနှင်နိုင်သည့် အမြင့်တက် ဘေးတွဲဆိုင်ကယ်တစ်စီးကို တီထွင်ဖန်တီးခဲ့ရာ လူမှုကွန်ရက်ပေါ်တွင် ကြည့်ရှုသူ ၃ သန်းကျော်အထိ ရေပန်းစားသွားခဲ့ကြောင်း သိရပါတယ်ဗျာ။

ယာလာမြို့ရှိ “TC Choley” ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်၊ ဘေးတွဲဆိုင်ကယ် တပ်ဆင်သည့် အတွေ့အကြုံ နှစ် ၃၀ ကျော်ရှိသူ ဦးသီပါကွန်း (Thipakorn) က သူ၏ သားဖြစ်သူနှင့် ပူးပေါင်း၍ တီထွင်ခဲ့ခြင်းဖြစ်သည်။

ပုံမှန်ဆိုင်ကယ်၏ အစိတ်အပိုင်းအချို့ကို ဖြုတ်ထုတ်ကာ သံမဏိဘောင်များ (Steel Frame) ဖြင့် အထက်သို့ မြှင့်တင်၍ တပ်ဆင်ခဲ့သည်။ ကြာမြင့်ချိန် ၃ ရက်ခန့်သာ ယူခဲ့ရပြီး ကုန်ကျစရိတ်မှာ ဆိုင်ကယ်ဖိုးမပါဘဲ ဘတ် ၁၀,၀၀၀ မကျော်ခဲ့ပေ။

ရေကြီးသည့်အချိန်များတွင် ရေအနက် ၁ မီတာ (၃ ပေကျော်) ခန့်အထိ အင်ဂျင်အတွင်း ရေမဝင်ဘဲ အေးဆေးစွာ ဖြတ်သန်းမောင်းနှင်နိုင်သည်။

ဆိုင်ကယ် ပြုပြင်ပြီးစီးပြီးနောက် သားဖြစ်သူက လူမှုကွန်ရက်ပေါ်သို့ ဗီဒီယိုတင်ခဲ့ရာ ရုတ်တရက် ကြည့်ရှုသူ (Views) ၃ သန်းကျော်အထိ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

အဆိုပါ ဆိုင်ကယ်မှာ မိသားစုအတွင်းနှင့် ရေဘေးအရေးပေါ် ကူညီရေးအတွက်သာ ဖန်တီးထားခြင်းဖြစ်ပြီး စီးပွားဖြစ် ထုတ်လုပ်ရန် မဟုတ်ပေ။ ထို့ပြင် လမ်းညွှန်ချက် စံချိန်စံညွှန်းများအတိုင်း စစ်ဆေးထားခြင်း မရှိသလို မော်တော်ယာဉ် ဥပဒေများနှင့်လည်း ငြိစွန်းနိုင်သဖြင့် လမ်းမကြီးများပေါ်တွင် စည်းကမ်းချက်များ မစစ်ဆေးဘဲ လိုက်လံပြုပြင် မောင်းနှင်ခြင်းမပြုကြရန် ဦးသီပါကွန်းက အကြံပြု သတိပေးထားသည်။

Source;Thaiger