ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးခွင် မြေပြိုကျမှုကြောင့် အမျိုးသားတစ်ဦး မြေအောက်၌ ပိတ်မိသေဆုံး

​​ဘန်ကောက်မြို့၊ ဝတ္ထနာ (Watthana) မြို့နယ်ရှိ ဆောက်လုပ်ရေးခွင်တစ်ခုတွင် အောက်တိုဘာ ၁ ရက် (ကြာသပတေးနေ့) ညနေပိုင်းက မြေကျင်းပြိုကျမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး မြေအောက် ၃ မီတာအနက်၌ ပိတ်မိကာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဆုခွန်ဝစ် ၇၁ လမ်း (Sukhumvit 71 Road) ခွဲ၊ စွိုင် ပရီဒီပါနုမြိုင့် ၁၄ သွယ်လမ်း (Soi Pridi Banomyong 14) ရှိ ဆောက်လုပ်ရေးခွင်အတွင်း ပိုက်လိုင်းထဲတွင် လူတစ်ဦး ပိတ်မိနေကြောင်း ရာမ ၁၉၉ အရေးပေါ် ရေဒီယိုဗဟိုဌာနသို့ ညနေ ၆:၄၇ နာရီတွင် သတင်းပေးပို့ခဲ့သည်။

ဖရာခနောင်း (Phra Khanong) မီးသတ်နှင့် ကယ်ဆယ်ရေးစခန်းမှ တပ်ဖွဲ့ဝင်များသည် ည ၇:၀၂ နာရီတွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး မြေအောက် ၃ မီတာခန့်အနက်တွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦးအား တွေ့ရှိခဲ့ကြသည်။

ကယ်ဆယ်ရေးအဖွဲ့များက အမြန်ဆုံး မဆုတ်မနစ် ကြိုးပမ်းထုတ်ယူခဲ့သော်လည်း ည ၇:၅၀ နာရီတွင် အဆိုပါ အမျိုးသားမှာ သေဆုံးသွားပြီဖြစ်ကြောင်း ရာမ ၁၉၉ က အတည်ပြုထုတ်ပြန်ခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များက သေဆုံးသူ၏ ရုပ်အလောင်းအား မြေအောက်မှ ပြန်လည်တူးဖော် ထုတ်ယူနိုင်ခဲ့ပြီး ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အာဏာပိုင်များက သေဆုံးသူ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ဆောက်လုပ်ရေးခွင်အတွင်း လုံခြုံရေး ပျက်ကွက်မှုများ ရှိမရှိ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိပါသည်။

Source;Thaiger