ပထုံဌာနီတွင် ရေဘေးကူညီရေး လှေခိုးသူ ၂ ဦးအား ဖမ်းဆီး၊ လှေအား ပိုင်ရှင်ထံ ပြန်လည်အပ်နှံ

ထိုင်းနိုင်ငံ၊ ပထုံဌာနီ (Pathum Thani) ခရိုင်၊ ဓညဘူရီ (Thanyaburi) မြို့နယ်ရှိ ရေဘေးသင့်ဒေသတွင် သဲအိတ်များနှင့် ကူညီရေးပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသည့် လိမ္မော်ရောင် လှေတစ်စီးအား ခိုးယူသွားသူ အမျိုးသား ၂ ဦးကို စက်တင်ဘာ ၃၀ ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး လှေအား ပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရပါတယ်ဗျာ။

ဓညဘူရီ မြို့နယ်ရှိ ရေကြီးနေသည့် ရပ်ကွက်တစ်ခုအတွင်း လျှပ်စစ်ဓာတ်တိုင်တွင် ချည်နှောင်ထားသော လိမ္မော်ရောင် လှေတစ်စီးအား အမျိုးသား ၂ ဦးက လှေလှော်၍ ခိုးယူသွားသည့် CCTV ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပထုံဌာနီ ရဲတပ်ဖွဲ့သည် သံသယရှိသူ အသက် ၂၃ နှစ်နှင့် ၂၂ နှစ်အရွယ် အမျိုးသား ၂ ဦးကို ခလောင်လွမ် (Khlong Luang) မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး ခိုးယူခံရသော လှေနှင့် လိမ္မော်ရောင် လှေလှော်တက်ကို ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးခံရသူများက လှေအား ခိုးယူခဲ့ကြောင်း ဝန်ခံခဲ့သည်။ အဆိုပါ ရေဘေးသင့်ရပ်ကွက်ရှိ မိတ်ဆွေတစ်ဦးထံ လာရောက်လည်ပတ်ပြီးနောက် အိမ်ပြန်ရန် တက္ကစီနှင့် အခြားယာဉ်များ မရရှိသဖြင့် လျှပ်စစ်ဓာတ်တိုင်တွင် ချည်ထားသည့် လှေကို ကြိုးဖြုတ်၍ အိမ်သို့ လှော်ပြန်သွားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ လူမှုကွန်ရက်တွင် CCTV ပျံ့နှံ့သွားပြီးနောက် လှေအား ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန် စီစဉ်နေစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ အမျိုးသား ၂ ဦးအား “သဘာဝဘေးအန္တရာယ် ကျရောက်နေသော ဧရိယာအတွင်း ညဉ့်အချိန် ခိုးယူမှု” ဖြင့် ရဲတပ်ဖွဲ့က ကနဦး တရားစွဲဆိုထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် အရေးယူသွားမည်ဖြစ်သည်။

အဆိုပါ လှေပိုင်ရှင် အမျိုးသမီးသည် ၂၀၂၂ ခုနှစ် ရေကြီးစဉ်က အဆိုပါ လှေကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ရေကြီးမှုတွင် အများပြည်သူနှင့် ရပ်ကွက်အတွင်း သဲအိတ်များနှင့် အရေးပေါ် ရိက္ခာများ သယ်ယူပို့ဆောင်ရန် ဆက်လက် အသုံးပြုနေခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းရမိသော လှေအား ပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သဖြင့် ဒေသခံများအနေဖြင့် ရေဘေးကာလအတွင်း ကူညီရေးပစ္စည်းများ သယ်ယူရန် ပြန်လည် အသုံးပြုနိုင်ပြီဖြစ်သည်။

Source;Thaiger