ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၈ ရက်အထိ အသက်ရှူလမ်းကြောင်းဆိုင်ရာ RSV ဗိုင်းရပ်စ် (Respiratory Syncytial Virus) ကူးစက်ခံရသူ စုစုပေါင်း ၈,၅၇၈ ဦး အထိ ရှိလာခဲ့ပြီး၊ လမစေ့ဘဲ မွေးဖွားလာသည့် ၂ လအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ရောဂါထိန်းချုပ်ရေး ဦးစီးဌာန (DDC) က အောက်တိုဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။
ကူးစက်ခံရသူ အများစုမှာ ကလေးငယ်များ ဖြစ်ကြပြီး၊ အထူးသဖြင့် မွေးစမှ အသက် ၆ လအောက် ကလေးငယ်များတွင် ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေ အမြင့်ဆုံးဖြစ်သည်။ ထို့ပြင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများတွင်လည်း ရောဂါကူးစက်နိုင်ခြေ မြင့်မားလျက်ရှိသည်။
စတင်ကူးစက်ချိန်၌ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် နှာရည်ယိုခြင်းစသည့် သာမန် အအေးမိ လက္ခဏာများနှင့် ဆင်တူသော်လည်း၊ ကလေးငယ်များတွင် အသက်ရှူပြွန်ငယ် ရောင်ရမ်းခြင်း (Bronchiolitis) သို့မဟုတ် အဆုတ်ရောင်ရောဂါ (Pneumonia) သို့ အလျင်အမြန် ကူးပြောင်းသွားနိုင်ကာ ဆေးရုံတက်ရောက် ကုသမှုများအထိ လိုအပ်နိုင်သည်။
ကလေးငယ်များ၏ အသက်ရှူလမ်းကြောင်းမှာ လွန်စွာ သေးငယ်ပြီး ခုခံအားစနစ် မပြည့်ဝသေးသဖြင့် ဗိုင်းရပ်စ်ကြောင့် ရောင်ရမ်းမှုဖြစ်ပွားပါက အသက်ရှူရ ခက်ခဲသွားစေသည်။
ဆုန်းခလာ တက္ကသိုလ်၊ ဆေးတက္ကသိုလ် မီးယပ်နှင့် သားဖွားဌာနမှ အတွဲဖက်ပါမောက္ခ ဒေါက်တာ စာဝိထရီ (Assoc. Prof. Dr. Sawitree Phranphanat) က ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် မိခင်ထံမှတစ်ဆင့် သန္ဓေသားထံသို့ အန်တီဘိုဒီ (Antibodies) များ စီးဆင်းသွားပြီး၊ ကလေးမွေးဖွားပြီးနောက် ထိခိုက်လွယ်သည့် ပထမ ၆ လအတွင်း RSV ဗိုင်းရပ်စ်ရန်မှ ကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားသည်။
ထိုင်းနိုင်ငံ သားဖွားနှင့် မီးယပ်ဆိုင်ရာ တော်ဝင်ကောလိပ်က ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် မိမိတို့၏ ဆရာဝန်များနှင့် ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ အကျိုးကျေးဇူးများနှင့် သင့်တော်သည့် အချိန်အခါများကို ကြိုတင်တိုင်ပင်ကြရန် တိုက်တွန်းထားသည်။
🛡️ ပြည်သူများအတွက် အထွေထွေ ကာကွယ်ရေး အစီအစဉ်များ
-လက်ကို မကြာခဏ စနစ်တကျ ဆေးကြောပါ။
-ဖျားနာနေသူများနှင့် နီးကပ်စွာ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
-ကလေးငယ်များထံတွင် ပုံမှန်မဟုတ်သော အသက်ရှူမြန်ခြင်း သို့မဟုတ် ရောဂါလက္ခဏာ ပိုမိုဆိုးရွားလာခြင်းရှိမရှိ အမြဲမပြတ် စောင့်ကြည့်ကြရန် ညွှန်ကြားထားသည်။
Source;Khaosod
