ဘန်ကောက်မြို့၊ နာမည်ကျော် ခေါဆန်လမ်း (Khao San Road) ရှိ OK Bar အား အောက်တိုဘာ ၁၀ ရက် နံနက်အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပိုလာဖီး (Polapee Suwunchwee) ဦးဆောင်သော အထူးစစ်ဆင်ရေးအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ ဝင်ခွင့်အသက်မပြည့်သေးသည့် လူငယ် ၃၀ ဦးအပြင် တာဝန်ရှိအဖွဲ့အစည်းအသီးသီးထံ တစ်လလျှင် ဘတ် ၁၈၀,၀၀၀ ခန့် လာဘ်ပေးထားသည့် စာရင်းဇယားများကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
အုပ်ချုပ်ရေးဦးစီးဌာန၏ အထူးစစ်ဆင်ရေးအဖွဲ့သည် “ဆင်းဖဒက်ဆုခ်” (Sing Phadet Suek) ဟု အမည်ပေးထားသည့် စစ်ဆင်ရေးဖြင့် အောက်တိုဘာ ၁၀ ရက် နံနက် ၃:၃၀ နာရီတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါဆိုင်မှာ ချနဆုံခရမ် (Chana Songkhram) ရဲစခန်းနှင့် မီတာ ၁၀၀ ခန့်သာ ကွာဝေးသော တလတ်ယော့ (Talat Yot) ရပ်ကွက်အတွင်း တည်ရှိသည်။
တရားဝင် ဝင်ခွင့်ပြုထားသည့် အသက် ၂၀ အောက် လူငယ် ၃၀ ဦး အား ဆိုင်အတွင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းအနက် အငယ်ဆုံးမှာ ၁၅ နှစ်အရွယ် ကလေးငယ်ပင် ဖြစ်နေသည်။
ဆိုင်၏ စာရင်းဇယားများကို စစ်ဆေးရာတွင် ဝန်ထမ်းလစာ၊ အစားအသောက် ဝယ်ယူစရိတ်များအပြင် နောက်ဆုံးကော်လံ၌ “ဌာနပေါင်းစုံသို့ ပေးချေမှုများ” ဟူသော ခေါင်းစဉ်ဖြင့် တစ်လလျှင် ဘတ် ၁၈၀,၀၀၀ ခန့် လစဉ် ပေးချေထားကြောင်း တွေ့ရှိရသည်။ ငွေကိုင်က အဆိုပါ ပေးချေမှုများကို နှစ်နှစ်ကျော် စာအုပ်ဖွင့် လုပ်ကိုင်စဉ်ကာလပတ်လုံး လစဉ် ပေးချေခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။
ဆိုင်ပိုင်ရှင်မှာ “မမ ကေ” (Jae K) ဟု လူသိများသည့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ၎င်းသည် ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်ကြောင်း ရဲစခန်းဘက်မှ အကြောင်းကြားထားသော်လည်း အဆိုပါ ရဲအရာရှိ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
တာဝန်ရှိသူများက အဆိုပါ “ဌာနပေါင်းစုံ” ဟူသည့် ခေါင်းစဉ်အောက်တွင် မည်သည့် အစိုးရအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွှယ်နေသူများ ပါဝင်နေသည်ကို ဆက်လက် အသေးစိတ် စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။
Source;The Nation
