ထိုင်းဝန်ကြီးချုပ် အနုတင်က ကံတော်ကုန်ဆုံးသွားသည့် မင်းသမီး ပါချာကီတီယာဗာအတွက် ရုပ်သံမှတစ်ဆင့် ဝမ်းနည်းစကားပြောကြား

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်၊ သောကြာနေ့) တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် (Anutin Charnvirakul) က ထိုင်းနိုင်ငံလုံးဆိုင်ရာ ရုပ်သံလှိုင်းပေါင်းစုံ (Television Pool of Thailand) မှတစ်ဆင့် တိုင်းပြည်သို့ ရုပ်သံမိန့်ခွန်းပြောကြားရာ၌ နတ်ရွာစံကံတော်ကုန်ဆုံးသွားခဲ့သည့် ဘုရင်မင်းမြတ်၏ သမီးတော်ကြီး မင်းသမီး ပါချာကီတီယာဗာ (Princess Bajrakitiyabha) ၏ နိုင်ငံနှင့် ပြည်သူလူထုအပေါ် ထားရှိခဲ့သော အတိုင်းအဆမရှိလှသည့် တော်ဝင်ဂုဏ်ကျေးဇူးများကို အလေးအနက် ဂုဏ်ပြုပြောကြားရင်း ဝမ်းနည်းကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

နန်းတော်ထိန်းချုပ်ရေးဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ မင်းသမီးကြီး နတ်ရွာစံခြင်းသည် ထိုင်းပြည်သူတစ်ရပ်လုံးအတွက် စာဖွဲ့၍မရနိုင်လောက်အောင် ကြီးမားသည့် နှလုံးကြေကွဲမှုကို ဖြစ်စေခဲ့ကြောင်း၊ မင်းသမီးကြီးသည် လူတန်းစားမရွေး ပြည်သူလူထုတစ်ရပ်လုံး၏ ချစ်ခင်၊ လေးစား၊ ကြည်ညိုခြင်းကို ခံရသည့် တော်ဝင်မင်းသမီးတစ်ပါး ဖြစ်ကြောင်း ဆိုသည်။

မင်းသမီးကြီးသည် သူမ၏ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် တရားဥပဒေကျွမ်းကျင်သူ၊ သံတမန်တစ်ဦးအဖြစ်လည်းကောင်း၊ လူမှုရေးလုပ်ငန်းလုပ်ကိုင်သူအဖြစ်လည်းကောင်း နိုင်ငံတော်နှင့် ပြည်သူများအတွက် စွမ်းအင်၊ ဉာဏ်ပညာနှင့် စိတ်ဝိညာဉ်တို့ကို စံနမူနာပြ အနစ်နာခံ မြှုပ်နှံခဲ့သည်။ လူ့ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် ညီမျှမှုရှိသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် ကြိုးပမ်းခဲ့သည့် သူမ၏ စိတ်ဓာတ်သည် ထိုင်းပြည်သူများအတွက် စိန်ရတနာကဲ့သို့ အစဉ်အမြဲ လမ်းပြနေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က အစိုးရအဖွဲ့၊ ဝန်ထမ်းများနှင့် ပြည်သူပြည်သားအားလုံးကိုယ်စား မင်းသမီးကြီး၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရသောအားဖြင့်၊ သူမ အစဉ်တစိုက် လက်ကိုင်ထားကျင့်သုံးခဲ့သည့် တန်ဖိုးထားမှုများအတိုင်း ပြည်သူများအချင်းချင်း မေတ္တာထားရန်၊ အခြေခံလူတန်းစားများကို ကူညီရန်နှင့် အများအကျိုးကို ဆောင်ရွက်ရင်း မင်းသမီးကြီးကို ပူဇော်ကြရန်နှင့် ဝမ်းနည်းပူဆွေးနေသည့် ဘုရင်မင်းမြတ်နှင့် တော်ဝင်မိသားစုဝင်များအတွက် အားပေးစကား လျှောက်ထားခဲ့သည်။

Source;The Nation