မြန်မာကလေးငယ်များကို အဓမ္မ ခိုင်းစေသည့် လူကုန်ကူးဂိုဏ်းတွင် အစိုးရအရာရှိများ ပါဝင်မှု ရှိမရှိ စုံစမ်းစစ်ဆေးမည်

ဘန်ကောက်မြို့ ခေါက်ဆန်းလမ်းပေါ်တွင် မြန်မာကလေးငယ်များကို ပန်းနှင့် ဖျော်ရည်များ အဓမ္မ ရောင်းချခိုင်းသည့် လူကုန်ကူးဂိုဏ်းထံသို့ အစိုးရအရာရှိများက စစ်ဆေးရေး သတင်းကြိုတင်ပေးမှု (Tip-off) ပြုလုပ်ခဲ့သည်ဟူသော သံသယဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနက PACC နှင့် ပူးပေါင်း၍ အထူးစုံစမ်းစစ်ဆေးမှု စတင်လိုက်ပါတယ်။

သံသယရှိသူ၏ ဖုန်းအတွင်း ရာချာဒမ်နိုအန်နှင့် ခေါက်ဆန်းလမ်းတို့သို့ စစ်ဆေးရေးဆင်းမည့် အချိန်နှင့် နေရာများကို ကြိုတင် အသိပေးထားသည့် မက်ဆေ့ဂျ်များ တွေ့ရှိခဲ့ရသောကြောင့် လူကုန်ကူးသူများသည် ကလေးများကို အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။

အောက်တိုဘာ ၁၃ ရက်က စဖန်းဆုံမြို့နယ်ရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက် စီးနင်းရာမှ အသက် ၅ နှစ်မှ ၁၈ နှစ်အရွယ် ကလေးငယ်များနှင့် အမျိုးသမီး ၈ ဦးကို ကယ်တင်နိုင်ခဲ့ပြီး သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့သည်။ ကလေးငယ်များမှာ ရိုက်နှက်ခံရခြင်း၊ ပူပြင်းသည့် ဇွန်းများဖြင့် မီးထို့ခံရခြင်း စသည့် ရက်စက်စွာ နှိပ်စက်မှုများကို ခံခဲ့ရသည်။

ကလေးငယ်များကို မဲဆောက်မှတစ်ဆင့် ဘန်ကောက်သို့ ခိုးထုတ်လာကာ စစ်ဆေးရေးဂိတ်များတွင် အိပ်ချင်ဟန်ဆောင်ခိုင်းခြင်း၊ ညဉ့်နက်သည်အထိ အလုပ်ခိုင်းစေပြီး တစ်ကြိမ်လျှင် ၁၀ ဘတ်သာ ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကယ်တင်ထားသူများကို လူမှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ စောင့်ရှောက်မှုအောက်သို့ လွှဲပြောင်းပေးထားပြီး ပါဝင်ပတ်သက်သူများကို အမြန်ဆုံး အရေးယူသွားမည် ဖြစ်သည်။

Source;ThaiPBS