ထိုင်းနိုင်ငံသည် အစိုးရ အဆောက်အအုံများနှင့် စက်မှုဇုန်များတွင် ဆိုလာပြားများ တပ်ဆင်ခြင်းနှင့် စွမ်းအင် ချွေတာရေး အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် ကမ္ဘာ့ဘဏ် (World Bank) ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးငွေ ရယူရန် ဆောင်ရွက်လျက်ရှိကြောင်း အောက်တိုဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၁၇ ရက်က ကျင်းပခဲ့သည့် ၂၀၂၆ IMF-ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးများတွင် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas သည် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Ajay Banga နှင့် ကာဗွန်နည်းပါးသော မြို့ကြီးများ ဖန်တီးရေးနှင့် စွမ်းအင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
မူဘောင်အရ ကမ္ဘာ့ဘဏ် ချေးငွေကို ထိုင်းဘဏ္ဍာရေး ဝန်ကြီးဌာန၏ အာမခံချက်ဖြင့် ထိုင်းပို့ကုန်သွင်းကုန်ဘဏ် (EXIM BANK) မှတစ်ဆင့် ထုတ်ချေးပေးမည်ဖြစ်သည်။
ဘန်ကောက်မြို့နှင့် စက်မှုဇုန်များရှိ စာသင်ကျောင်းများ၊ ကျန်းမာရေးဌာနများ၊ မြို့နယ်ရုံးများနှင့် အများပြည်သူသုံး မီးအလင်းရောင်စနစ်များတွင် ဆိုလာပြားများ တပ်ဆင်ခြင်းနှင့် လျှပ်စစ်စနစ် အဆင့်မြှင့်တင်ခြင်းများကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်သည်။
စွမ်းအင် ဝန်ဆောင်မှု ကုမ္ပဏီများ (ESCOs) က ကနဦး ကုန်ကျစရိတ်များကို ကျခံပေးမည်ဖြစ်ပြီး ပါဝင်သည့် အဖွဲ့အစည်းများအနေဖြင့် အတိုးနှုန်း အမြောက်အမြား ကြိုတင်ပေးရန် မလိုဘဲ ရေရှည် ဝန်ဆောင်ခအဖြစ် အတိုချုံး ခွဲသွင်းသွားနိုင်မည်ဖြစ်သည်။
ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ရေးရာ ဦးစီးဌာနသည် Krungthai ဘဏ်နှင့် ပူးပေါင်း၍ စမတ်နည်းပညာသစ်များသို့ ကူးပြောင်းမည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs)၊ အလုပ်သမားများ၊ တောင်သူများနှင့် လူထုအတွက် ဘဏ္ဍာရေး ကူညီထောက်ပံ့မှု လေ့လာရန် ကနဦး ဘတ် သန်း ၂၀ ရန်ပုံငွေဖြင့် စတင်မည်ဖြစ်သည်။
PTT၊ Krungthai ဘဏ်တို့နှင့် ပူးပေါင်း၍ ရာယောင်း (Rayong) ခရိုင်ရှိ ကာဗွန်နည်းပါးသော စက်မှုလုပ်ငန်းများကို အခြေခံကာ ကာဗွန်ခရက်ဒစ် (Carbon credit) ဈေးကွက် ပွင့်လင်းမြင်သာမှု ရှိစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေး စမ်းသပ် ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းများသည် ရေရှည်တွင် စွမ်းအင် ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး ကာဗွန်နည်းပါးသော စီးပွားရေးစနစ်သို့ ကူးပြောင်းရာတွင် လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
Source;Thaiger
