ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အခွန်ဦးစီးဌာန အရာရှိများအဖြစ် ဟန်ဆောင်၍ ပြည်သူများထံမှ ငွေကြေး လိမ်လည်တောင်းခံနေသည့် ကျောကပ် ဖုန်းလိမ်ဂိုဏ်း (Call Centre Scam) များကို စုံစမ်းစစ်ဆေးရာမှ နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၃:၄၅ နာရီခန့်တွင် ခေါက်ဆန်းလမ်း (Khao San Road) အနီး တေးနားနော့လမ်း (Tanao Road) ရှိ တည်းခိုခန်းတစ်ခု၏ မျက်နှာကျက်ပေါ်၌ လျှို့ဝှက် တပ်ဆင်ထားသော SIM Box စက် ၂ လုံးအား မြို့တော်ရဲတပ်ဖွဲ့ (Metropolitan Police) စုံစမ်းစစ်ဆေးရေး အဖွဲ့က ဝင်ရောက် ဖမ်းဆီးရမိခဲ့ပါတယ်။
ရဲတပ်ဖွဲ့သည် ဖုန်းလိုင်းအချက်ပြမှုများ စိစစ်ရာမှ အဆိုပါ တည်းခိုခန်းနေရာသို့ ဦးတည်နေသည်ကို တွေ့ရှိခဲ့ပြီး၊ ထပ်မံ စိစစ်ရှာဖွေရာ လွဲမှားနေသည့် မျက်နှာကျက်ပြားအတွင်း လျှို့ဝှက် ဖုံးကွယ်ထားသော SIM Box စက် ၂ လုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
SIM Box တစ်လုံးလျှင် SIM Card ၃၂ ကတ်စိ တပ်ဆင်နိုင်ပြီး စုစုပေါင်း SIM Card ၆၄ ကတ် တပ်ဆင်ထားသည့် စက် ၂ လုံး၊ CCTV ကင်မရာ ၁ လုံး၊ အင်တာနက် ရူတာ (Internet Routers) ၂ လုံး၊ တိုင်မာ (Timers) ၄ လုံးနှင့် လျှပ်စစ်ကြိုးများကို သိမ်းဆည်းရမိခဲ့သည်။
တည်းခိုခန်း ပိုင်ရှင်က အစစ်ဆေးခံရန် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါ စက်ပစ္စည်းများကို ပြင်ပမှ မမြင်နိုင်ဘသလို သတိမမူမိနိုင်သည့် မျက်နှာကျက်အတွင်း တပ်ဆင်ထားခြင်းဖြစ်ကြောင်းနှင့် ဧည့်သည်များ ဝင်ထွက်မှု များပြားကြောင်း ထုချေထားသည်။
ရဲတပ်ဖွဲ့သည် တည်းခိုခန်းအတွင်းရှိ CCTV မှတ်တမ်းများကို ပြန်လည်စိစစ်၍ အဆိုပါ စက်ပစ္စည်းများ လာရောက်တပ်ဆင်သူများနှင့် အခန်းငှားရမ်းသူများကို စုံစမ်းဖော်ထုတ်လျက် ရှိသည်။
ယခုဖြစ်စဉ်သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဘန်ကောက်မြို့၌ ထိုင်းနှင့် တောင်ကိုရီးယား အာဏာပိုင်များ ပူးပေါင်း၍ တောင်ကိုရီးယား ၈ ဦး၊ တရုတ် ၁ ဦး အပါအဝင် Call Centre ဂိုဏ်းဝင် ၉ ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင်၊ ရာမ ၉ (Rama 9) ဧရိယာရှိ ကွန်ဒိုတစ်ခုတွင် တရုတ်နိုင်ငံသားတစ်ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များ၏ နောက်ဆက်တွဲ ဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။
Source;Thaiger
