မြန်မာနိုင်ငံသို့ ရည်းစားကို ရောင်းစားပြီး ထိုင်းတွင် ပျော်ပါးခဲ့သော တရုတ်မိန်းကလေး

လူငယ်အချစ်ဇာတ်လမ်းတစ်ခုသည် အိပ်မက်ဆိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၁၇ နှစ်အရွယ် ချစ်သူမိန်းကလေးက ၁၉ နှစ်အရွယ် တရုတ်လူငယ်လေးကို မြန်မာနိုင်ငံရှိ လိမ်လည်မှုဂိုဏ်းများထံ ယွမ် ၁၀၀,၀၀၀ (ထိုင်းဘတ် ၅၀၀,၀၀၀ ခန့်) ဖြင့် ရောင်းစားခဲ့သည်။

ထိုကောင်လေးမှာ ဂွမ်ဒေါင်းပြည်နယ်၊ ကျန့်ကျန်းမြို့မှဖြစ်ပြီး လေးလကြာအောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။ အတင်းအဓမ္မ လုပ်အားခိုင်းစေခံရပြီး အငတ်ငတ်အပြတ်ပြတ် နေခဲ့ရသည်။ နောက်ဆုံးတွင် မိသားစုက ယွမ် (၃၅၀,၀၀၀) အကုန်အကျခံကာ ပြန်ရွေးခဲ့ရသည်။

ထိုလူငယ်လေးသည် မိန်းကလေးနှင့် ပထမဆုံးအကြိမ် ပူးလ်ခုံတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ လူငယ်လေး၏အစ်မက ထိုမိန်းကလေးကို “flashy” (ဆွဲဆောင်မှုရှိသူ) ဟု နောက်ပိုင်းတွင် ဖော်ပြခဲ့ပြီး၊ သူမ၏ပုံမှန်မဟုတ်သော အဝတ်အစားများနှင့် အတုအယောင် ဒီဇိုင်နာအိတ်များကို ထောက်ပြခဲ့သည်။ ဟော့ကင်းလူမျိုးဟု ပြောသော ထိုမိန်းကလေးက သူမ၏မိဘများသည် ရင်းနှီးမြှုပ်နှံမှုမန်နေဂျာများဖြစ်သည်ဟု ကြွားလုံးထုတ်ခဲ့ပြီး မြန်မာနိုင်ငံရှိ မိသားစုစီးပွားရေးလုပ်ငန်းများအကြောင်းကို မကြာခဏ ပြောဆိုလေ့ရှိသည်။

ထိုကောင်းလေး၏အစ်မက Xiaoxiang Morning Post သတင်းစာသို့ ပြောကြားရာတွင် “သူမက ကျွန်မမောင်ကို အလုပ်ကိစ္စနဲ့ မြန်မာနိုင်ငံကို သွားဖို့ စဉ်ဆက်မပြတ် မြှူဆွယ်ခဲ့ပါတယ်။ ကျွန်မမောင်ကလည်း အချစ်ရူးရူးနေတာ” ဟု ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် အချစ်ကြီးသော (၁၉) နှစ်အရွယ်လူငယ်လေးသည် ချစ်သူမိန်းကလေးနှင့်အတူ ဘန်ကောက်သို့ လျှို့ဝှက်စွာ ခရီးထွက်ခဲ့သည်။ မကြာမီတွင် သူ၏ဆွေမျိုးများက သူငယ်ချင်းများ၏ WeChat အပ်ဒိတ်များတွင် ထိုင်း-မြန်မာနယ်စပ်အနီးတွင် ရောက်နေသည်ကို တွေ့ရှိသောအခါ သံသယဝင်လာခဲ့ကြသည်။

“သူနယ်စပ်ကို ရောက်နေတယ်ဆိုတာ သိရပြီးနောက်မှာ တစ်ခုခုမှားနေပြီလို့ ကျွန်မတို့ စတင်ခံစားမိပါတယ်” ဟု သူ၏အစ်မက ပြန်ပြောပြခဲ့သည်။ ထိုနေရာတွင်ပင် သူ့ချစ်သူမိန်းကလေးက တစ်စုံတစ်ယောက်ကို သွားခေါ်ရမည်ဟု အကြောင်းပြကာ သူ့ကို ထားခဲ့သည်။ ထို့နောက် သေနတ်ကိုင်ဆောင်ထားသော လူများက သူ၏နိုင်ငံကူးလက်မှတ်နှင့် ဖုန်းကို လာရောက်သိမ်းဆည်းခဲ့သည်။

နောက်ပိုင်း လေးလကြာအောင် ထိုလူငယ်လေးသည် လိမ်လည်မှုစခန်းတစ်ခုတွင် အတင်းအဓမ္မ ခိုင်းစေခြင်းခံခဲ့ရသည်။ စောင့်ကြည့်သူများက သူ့ခေါင်းကို ရိတ်ပစ်ခဲ့ပြီး သံချောင်းများဖြင့် သူ့ခါးကို ရိုက်နှက်ခြင်း၊ နားရွက်များကို ဆွဲလိမ်ခြင်း စသည်ဖြင့် ပုံမှန်ရိုက်နှက်ခဲ့ကြသည်။ အွန်လိုင်းလိမ်လည်မှု ကို နေ့စဉ် သတ်မှတ်ထားသော ပမာဏအတိုင်း မလုပ်နိုင်ပါက နောက်ထပ်ပြစ်ဒဏ်များ ခံရသည်။

“သေနတ်ကိုင်ထားတဲ့လူတွေက သူ့ကို ခေါ်သွားတယ်လို့ သူက ကျွန်မကို ပြောတယ်” ဟု တစ်ကြိမ် သူ့အစ်မထံ ဖုန်းဆက်ပြောစဉ် ပြောခဲ့သည်။

Goody Feed က ဖော်ပြထားသည်မှာ ထိုလူငယ်လေးသည် တစ်နေ့လျှင် (၁၆) နာရီမှ (၂၀) နာရီအထိ အလုပ်လုပ်ရပြီး အမြဲတစေ ဆာလောင်နေခဲ့ရကာ ကိုယ်အလေးချိန် (၁၀) ကီလိုကျော် ကျသွားခဲ့ပြီး ခေါင်းကို အကြိမ်ကြိမ်ထိုးကြိတ်ခံရမှုကြောင့် အကြားအာရုံဆုံးရှုံးခဲ့ရပါတယ်။ကယ်ဆယ်ရေးကြိုးပမ်းမှုများ လပေါင်းများစွာ မအောင်မြင်ခဲ့ပြီးနောက်တွင် သူ၏မိသားစုက နောက်ဆုံးတွင် ငွေကြေးစုဆောင်း၍ ရွေးငွေပေးခဲ့သည်။ ဇွန်လတွင် သူပြန်လည်လွတ်မြောက်လာခဲ့ပြီး နောက်တစ်ကြိမ် ပြန်ပေးဆွဲခံရမည်ကို စိတ်ဒဏ်ရာရကာ ကြောက်ရွံ့နေခဲ့ပါတယ်။

တစ်ချိန်တည်းတွင် ထိုမိန်းကလေးကို ထိုင်းနိုင်ငံမှ အားလပ်ရက်ခရီးပြီးနောက် တရုတ်နိုင်ငံသို့ ပြန်ရောက်လာချိန်တွင် ဖမ်းဆီးခဲ့နိုင်ခဲ့ပြီး လိမ်လည်မှုနှင့် လူကုန်ကူးမှုစွဲချက်များဖြင့် သူမ၏အမှုမှာ ရုံးချိန်းရွှေ့ဆိုင်းထားသော်လည်း မကြာမီ ဆက်လက်စစ်ဆေးမည်ဟု မျှော်လင့်ရသည်။

“သူမက ၁၇ နှစ်ပဲ ရှိသေးတာ။ ဒီလောက်ဆိုးရွားတဲ့အလုပ်မျိုးကို လုပ်နိုင်မယ်လို့ ဘယ်သူမှ တွေးတောင်မတွေးမိဘူး” ဟု ကောင်လေး၏အစ်မက ပြောခဲ့သည်။ “ဒီလိုမျိုး ယုတ်မာရက်စက်တဲ့အလုပ်ကို လုပ်နိုင်စွမ်းရှိတာ မယုံနိုင်စရာပဲ” ဟု သူမက ဆိုခဲ့ပါသည်။

Source: Thaiger