ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပေကျင်းမြို့မှာ အကြီးစားစစ်ရေးပြပွဲမတိုင်မီ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ သူက ရှီကျင့်ဖျင်နဲ့ သူ့ရဲ့ဆက်ဆံရေးဟာ “မကြုံစဖူးအဆင့်” မှာ ရှိနေပြီလို့ ပြောခဲ့ပါတယ်။
ပူတင်က ရှီကို “ချစ်ခင်ရတဲ့ မိတ်ဆွေ” အဖြစ် ဖော်ပြခဲ့ပြီး တရုတ်အစိုးရပိုင်မီဒီယာတွေကတော့ နှစ်နိုင်ငံဆက်ဆံရေးဟာ အတုယူစရာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ရုရှားဟာ တရုတ်ကို သဘာဝဓာတ်ငွေ့ပေးပို့မှုတွေ တိုးမြှင့်သွားမှာဖြစ်ပြီး ပေကျင်းဘက်ကတော့ တစ်နှစ်တာ စမ်းသပ်ကာလအတွင်း ရုရှားနိုင်ငံသားတွေကို ဗီဇာမလိုဘဲ ခရီးသွားခွင့်ပြုမယ်လို့ သိရပါတယ်။
ရှီကျင့်ဖျင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်ကိုပါ ကြိုဆိုဖို့ ပြင်ဆင်နေတာဟာ ယူကရိန်းစစ်ပွဲမှာ ကျူးကျော်သူနှစ်ဦးစလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသနေတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံက တရားဝင်လက်နက်ချခဲ့တဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံရဲ့ သမိုင်းတစ်လျှောက် အကြီးဆုံး စစ်ရေးပြပွဲကို ရှီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း နာဇီတွေကို အောင်ပွဲခံတဲ့ ရုရှားရဲ့ အထိမ်းအမှတ်ပွဲတော်အတွက် ရှီက မော်စကိုကို သွားရောက်ခဲ့ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ သူတို့ရဲ့စီးပွားရေးတွေကို အားဖြည့်ဖို့အတွက် တရုတ်နိုင်ငံကို အားကိုးနေရပါတယ်။ ဒီအစည်းအဝေးတွေက တရုတ်ခေါင်းဆောင်အတွက် သူ့ရဲ့အာဏာနဲ့ သြဇာလွှမ်းမိုးမှုကို ပြသနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ ဒီအချိန်ဟာ ဒေါ်နယ်ထရမ့်က ပူတင်နဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်ရဖို့ ကြိုးစားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဗုဒ္ဓဟူးနေ့မှာ စစ်သည်ထောင်ပေါင်းများစွာ တရုတ်မြို့တော်ကို ချီတက်နေချိန်မှာ ဒီသုံးဦးစလုံးဟာ ပူးပေါင်းပြီး ရပ်တည်ကြမှာ ဖြစ်ကြောင်းသိရပါတယ်။

Source: BBC