၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ပြန်လည်ယှဉ်ပြိုင်ရန် အာဂျင်တီးနား ပရိသတ်များ လက်မှတ်ကောက်ခံမှု ၈ သောင်းနီးပါး ရှိလာ

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များ မမျှတဟုဆိုကာ အာဂျင်တီးနား ဘောလုံးပရိသတ်များက ဗိုလ်လုပွဲအား ပြန်လည်ယှဉ်ပြိုင်ကစားစေရန် Change.org တွင် လက်မှတ်ကောက်ခံမှု ပြုလုပ်ခဲ့ရာ ယခုအခါ လက်မှတ်ပေါင်း ၈၀,၀၀၀ နီးပါး ရရှိထားကြောင်း သိရပါတယ်။

ဇူလိုင် ၁၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းသည် စပိန်အသင်းကို ၁ – ၀ ဖြင့် ရှုံးနိမ့်ခဲ့သည်။

 အာဂျင်တီးနား ပရိသတ်တစ်ဦးဖြစ်သူ Gisela Sánchez က Change.org တွင် ကမ်ပိန်းစတင်ခဲ့ခြင်းဖြစ်ပြီး၊ ဆလိုဗေးနီးယား ဒိုင်လူကြီး Slavko Vinčić ၏ ဆုံးဖြတ်ချက်များသည် အရေးပါသော အခိုက်အတန့်များတွင် အာဂျင်တီးနားအသင်းအတွက် မမျှတဘဲ ထိခိုက်စေခဲ့သည်ဟု စွပ်စွဲထားသည်။လက်ရှိအချိန်အထိ လက်မှတ်ပေါင်း ၇၉,၃၅၁ ခု ရရှိထားပြီးဖြစ်သည်။

အဆိုပါ လက်မှတ်ကောက်ခံမှုသည် ဖီဖာအနေဖြင့် ပွဲကို ပြန်လည်ယှဉ်ပြိုင်ကစားစေရန် တရားဥပဒေအရ ဖိအားပေးနိုင်သည့် အကြောင်းအရင်း မရှိဘဲ၊ ဖီဖာဘက်ကလည်း ယင်းတောင်းဆိုမှုကို ပြန်လည်သုံးသပ်မည်ဟု မည်သည့် အရိပ်အမြွက်မျှ ထုတ်ပြန်ထားခြင်း မရှိပေ။

ယခု ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း စပိန်နှင့် ပြင်သစ်တို့၏ ဆီမီးဖိုင်နယ်ပွဲတွင်လည်း Lamine Yamal ကို ပြစ်ဒဏ်ကျူးလွန်မှုကြောင့် စပိန်အသင်း ပင်နယ်တီရရှိခဲ့သည့် ဖြစ်စဉ်အပေါ် မကျေနပ်၍ ပြင်သစ်ပရိသတ်များ ပွဲပြန်ကစားရန် တောင်းဆိုခဲ့ကြသော်လည်း မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ပေ။ ဖီဖာ စည်းမျဉ်းများအရ အွန်လိုင်းမှ ပရိသတ်များ၏ တောင်းဆိုမှုများသည် ပွဲစဉ်ရလဒ်များကို ပြောင်းလဲနိုင်သည့် တရားဝင် အာဏာ မရှိပါ။

Source;Khaosod