F1 ကားမောင်းသူဟောင်း မီကာဆာလို ဘန်ကောက်တွင် ဆိုင်ကယ်စီးသူ၏ ဓားဖြင့်လှီးခြင်းခံရ၍ ၂၈ ချက်ချုပ်ခဲ့ရ

ဖော်မြူလာဝမ်း (F1) ပြိုင်ကားမောင်းသူဟောင်း ဖင်လန်နိုင်ငံသား အသက် ၅၉ နှစ်အရွယ် မီကာဆာလို (Mika Salo) သည် ဘန်ကောက်မြို့ရှိ လူကူးမြင်းကျားလိုင်းမှ ဖြတ်ကူးနေစဉ် ဆိုင်ကယ်မောင်းလာသူတစ်ဦး၏ ဓားဖြင့် ရည်ရွယ်ချက်ရှိရှိ လှီးဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် ဒဏ်ရာပြင်းထန်ကာ ဆေးရုံတွင် ၂၈ ချက် အထိ ချုပ်ခဲ့ရပါတယ်ဗျာ။

လမ်းကူးနေစဉ် ဆိုင်ကယ်တစ်စီးက ကပ်ဖြတ်မောင်းသွားပြီး အနည်းငယ်ပွတ်တိုက်မိရုံသာ ထင်မှတ်ခဲ့သော်လည်း၊ မီတာ ၅၀ ခန့်အကြာတွင် လမ်းသွားလမ်းလာတစ်ဦးက ပြောပြမှ ၎င်း၏ရှူးဖိနပ်တစ်စီးလုံး သွေးများဖြင့် ရဲရဲနီနေသည်ကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။

ဆေးရုံတွင် စစ်ဆေးရာ ထက်မြက်သောဓားဖြင့် လှီးထားသည့် နက်ရှိုင်းသောဒဏ်ရာကြောင့် အတွင်းပိုင်းကြွက်သားကို ၈ ချက် နှင့် အပြင်ဘက်အရည်ပြားကို ၂၀ ချက်၊ စုစုပေါင်း ၂၈ ချက် ချုပ်ခဲ့ရသည်။

ပိုမိုစိုးရိမ်စရာကောင်းသည်မှာ ၎င်းတိုက်ခိုက်ခံရသည့် ည၌ပင် ဆိုင်ကယ်စီးရင်း ဓားဖြင့် လှီးဖြတ်ခံရသည့် အလားတူလူနာ အများအပြားကို အဆိုပါဆေးရုံ၌ ကုသပေးခဲ့ရသဖြင့်၊ ယင်းဖြစ်စဉ်မှာ လူအများအပြားကို လိုက်လံမွှေနှောက်နေသည့် စိတ္တဇသမား သို့မဟုတ် ဂိုဏ်းတစ်ခုခု၏ လက်ချက်ဖြစ်နိုင်ကြောင်း ယူဆရသည်။(Mika Salo သည် ၁၉၉၉ ခုနှစ်က ကမ္ဘာကျော် Ferrari အသင်းတွင် မိုက်ကယ် ရှူးမက်ခါ (Michael Schumacher) ကိုယ်စား ဝင်ရောက်မောင်းနှင်ပေးခဲ့ပြီး အသင်းအား ကမ္ဘာ့ချန်ပီယံဆုရအောင် ကူညီပေးခဲ့သည့် ဝါရင့် F1 သမားတစ်ဦး ဖြစ်သည်)

Source;Thaiger