MS Ambition သင်္ဘောကို ပြင်သစ်တွင် ပိတ်ပင်ထား – အစာအိမ်ရောဂါ ကူးစက်မှုဖြစ်ပွား

Ambassador Cruise Line မှ တာဝန်ယူပြေးဆွဲသည့် အဆိုပါသင်္ဘောသည် အိုင်ယာလန်နှင့် ဗြိတိန်မှ ထွက်ခွာလာခြင်းဖြစ်ပြီး မေလ ၁၃ ရက် ညနေပိုင်းတွင် ဘော်ဒိုးမြို့သို့ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

သင်္ဘောပေါ်ပါလာသူ ၅၀ ခန့်တွင် အပြင်းအထန် ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းကဲ့သို့သော အစာအိမ်နှင့် အူလမ်းကြောင်းပိုးဝင်သည့် လက္ခဏာများ စတင်ပြသခဲ့ပါတယ်။ နေမကောင်းသူများကို သင်္ဘောပေါ်ရှိ ဆေးခန်းတွင် သီးသန့်ခွဲခြားထားပြီး ကုသပေးနေပါတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Étienne Guyot က ကျန်းမာရေးဌာန၏ အကြံပြုချက်အရ ခရီးသည်အားလုံးကို သင်္ဘောပေါ်တွင်သာ နေထိုင်စေပြီး ကုန်းပေါ်သို့ ဆင်းခွင့်ကို ယာယီပိတ်ပင်လိုက်ပါတယ်။ 

ဘော်ဒိုးတက္ကသိုလ်ဆေးရုံမှ ကူးစက်ရောဂါ အထူးကုဆရာဝန်များက လူနာများထံမှ နမူနာများကို ရယူကာ မည်သည့်ပိုးအမျိုးအစားဖြစ်ကြောင်း စစ်ဆေးနေပါတယ်။ဤကူးစက်မှုသည် မကြာသေးမီက MV Hondius သင်္ဘောပေါ်တွင် ဖြစ်ပွားခဲ့သည့် ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုနှင့် သက်ဆိုင်မှုမရှိကြောင်း တာဝန်ရှိသူများက အတည်ပြုထားပါတယ်။

ကျန်းမာရေးကျွမ်းကျင်သူများ၏ အဆိုအရ အပျော်စီးသင်္ဘောများပေါ်တွင် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းမှာ အများအားဖြင့် Norovirus ကြောင့် ဖြစ်လေ့ရှိပါတယ်။ အမေရိကန် CDC ၏ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း သင်္ဘောများပေါ်တွင် ယခုကဲ့သို့ ရောဂါကူးစက်မှု ၁၆ ကြိမ်အထိ ရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံးဖြစ်ခဲ့ပါတယ်။

Source;Khaosod