ထိုင်းနိုင်ငံ၊ ခွန်ကန်တွင် ၄ နှစ်အရွယ် သမီးငယ်လေး ကားထဲ၌ ပိတ်မိသေဆုံး

ဒီဖြစ်ရပ်ဟာ ခွန်ကန်မြို့၊ နိုင်းမောင်း (Nai Mueang) တိုက်နယ်ရှိ လူနေရပ်ကွက်တစ်ခုအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာ မိခင်ဖြစ်သူဟာ အကြီးအကျယ် စိတ်ထိခိုက်ကြေကွဲနေတာကို တွေ့ရပါတယ်။

အသက် ၃၄ နှစ်အရွယ် မိခင်ဖြစ်သူက သမီးလေးကို “ခရီးသွားကြမယ်” လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် မိခင်က တခြားအိမ်တစ်အိမ်မှာ ခေတ္တသွားနားနေစဉ် သမီးလေးက အဖွားဖြစ်သူနဲ့ ရှိနေလိမ့်မယ်လို့ ထင်မှတ်နေခဲ့ပါတယ်။ CCTV ဗီဒီယိုအရ ကလေးမလေးဟာ ကားဆီကို တစ်ယောက်တည်း လမ်းလျှောက်သွားပြီး နောက်ခန်းတံခါးကနေ ဝင်သွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် တံခါးပြန်ပိတ်သွားခဲ့ပြီး ဘယ်သူမှ မသိလိုက်ဘဲ ကားထဲမှာ အကြာကြီး ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ ကားဆီပြန်လာတဲ့အချိန်မှာ သမီးလေးဟာ ကားထဲမှာ သတိလစ်နေတာကို တွေ့ရပါတယ်။ အဖွားဖြစ်သူရဲ့ ပြောကြားချက်အရ တွေ့ရှိချိန်မှာ ကလေးရဲ့ကိုယ်ဟာ အလွန်ပူနေပြီး နှုတ်ခမ်းတွေ ညိုမည်းနေပြီလို့ ဆိုပါတယ်။ မိခင်နဲ့ အဖွားဖြစ်သူတို့က အရေးပေါ် အသက်ကယ်နည်း (CPR) လုပ်ဆောင်ခဲ့ပြီး အရေးပေါ်ကား ခေါ်ခဲ့ပေမဲ့ ကလေးမလေးဟာ အသက်မရှင်နိုင်တော့ဘဲ ကားထဲက အပူဒဏ်နဲ့ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။

အဖွားဖြစ်သူက ဒါဟာ ပေါ့ဆမှုကြောင့် ဖြစ်ရတဲ့ အဖြစ်ဆိုးတစ်ခုဖြစ်ကြောင်းနဲ့ တခြားမိသားစုတွေမှာ အခုလို ရင်ကွဲရတဲ့ ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် လူတိုင်းအတွက် သင်ခန်းစာဖြစ်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Source;Thairath