ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ ပြည်နယ်တွင် တည်ဆောက်နေသည့် တရုတ်နိုင်ငံသားပိုင် သတ္တုရိုင်းသန့်စင်စက်ရုံသည် ဆောက်လုပ်ရေးလုပ်ငန်းလိုင်စင် မရှိဘဲ စတင်ဆောက်လုပ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အာဏာပိုင်များက လုပ်ငန်းများကို ချက်ချင်းရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ထာမောင်း မြို့နယ်၊ နောင်ခေါင် ရပ်ကွက်ရှိ ဒေသခံပြည်သူ ၁,၀၀၀ ကျော်သည် စက်ရုံတည်ဆောက်မှုကို ပြင်းထန်စွာ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ အကြောင်းမှာ သတ္တုသန့်စင်ရာတွင် အသုံးပြုမည့် ဓာတုပစ္စည်းများနှင့် စက်ရုံထွက်ရေဆိုးများမှာ အနီးနားရှိ ဆည်မြောင်းမြောင်းမကြီးထဲသို့ ယိုစိမ့်ဝင်ရောက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
အဆိုပါ ဆည်မြောင်းသည် ဒေသတွင်း သောက်သုံးရေပေးဝေရေးစနစ်၊ ဖနွန်ထွမ်း (Phanom Thuan) ရေပေးဝေရေးစက်ရုံနှင့် ကန်ချနဘူရီအပြင် အိမ်နီးချင်း ဆူဖန်ဘူရီ ပြည်နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်များအတွက်ပါ အဓိကအားထားနေရသည့် ရေအရင်းအမြစ် ဖြစ်သည်။
နောင်ယာဒေါ့ခေါင် စည်ပင်သာယာရေးအဖွဲ့ မြို့တော်ဝန်Udon Pheng-aram က ကုမ္ပဏီအနေဖြင့် စက်ရုံတည်ထောင်ရန် လျှောက်ထားခဲ့ပြီး လူထုသဘောထားတောင်းခံမှုကို ဥပဒေအတိုင်း လုပ်ဆောင်ခဲ့သော်လည်း၊ ဆောက်လုပ်ရေးလုပ်ငန်းလိုင်စင် ကိုမူ အာဏာပိုင်များက လက်မှတ်ရေးထိုး ထုတ်ပေးထားခြင်း လုံးဝမရှိသေးဘဲ စက်ရုံက ကြိုတင်ဆောက်လုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
နောင်တွင် ဆောက်လုပ်ရေးလိုင်စင် ထပ်မံလျှောက်ထားလာပါကလည်း ယခုစက်ရုံမှာ အရေးကြီးသည့် ရေလမ်းကြောင်းနှင့် အလွန်နီးကပ်နေသဖြင့် ဒေသခံများ ထိခိုက်မှုမရှိစေရန် အထူးဂရုပြုပြီး အသေးစိတ် ပြန်လည်စစ်ဆေးသွားမည်ဟု မြို့တော်ဝန်က အတည်ပြုပြောကြားထားသည်။
Source;Khaosod
