ဒီဖြစ်ရပ်ဟာ သာမခါ (Tha Maka) ခရိုင်၊ သာရူဝါ (Tha Ruea) တိုက်နယ်ရှိ သပ်သင်းနတ်ကွန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပွဲတော်စီစဉ်သူတွေရဲ့ ပေါ့ဆမှုကြောင့်လို့ ဝေဖန်ခံနေရပါတယ်။
အသက် ၆၉ နှစ်အရွယ် ဒေါ်ပန်နီနီ (Mrs. Panninee) ဟာ နတ်ကွန်းမှာ အလှူအတန်းလုပ်ဖို့နဲ့ ဘုရားဖူးဖို့ ရောက်ရှိလာစဉ်၊ လှေကားအတက်မှာ အရှိန်ယူဖို့အတွက် တဲတိုင် (Tent pole) ကို လှမ်းကိုင်မိရာကနေ ပြင်းထန်စွာ ဓာတ်လိုက်ပြီး လဲကျသေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ အဘွားအို ဓာတ်မလိုက်မီ မိနစ်ပိုင်းအလိုမှာတင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ အဆိုပါတိုင်မှာပဲ ဓာတ်လိုက်ခဲ့ပါသေးတယ်။ ကံကောင်းထောက်မစွာနဲ့ အချိန်မီ ကယ်တင်နိုင်ခဲ့ပေမဲ့ ပွဲစီစဉ်သူတွေက ဝါယာကြိုးတွေကို ချက်ချင်းစစ်ဆေးခြင်း မရှိခဲ့တာကြောင့် ဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့ရတာပါ။

သေဆုံးသူရဲ့သားဖြစ်သူက “ဒီလိုဖြစ်ရပ်မျိုး နှစ်ကြိမ်ဆက်တိုက် ဖြစ်တယ်ဆိုတာ မယုံနိုင်စရာပဲ၊ ပွဲစီစဉ်သူတွေက လျှပ်စစ်ဝါယာကြိုးတွေကို သေချာမစစ်ဆေးဘဲ ပေါ့ပေါ့ဆဆ လုပ်ခဲ့ကြတာ” လို့ ယူကျုံးမရ ပြောကြားခဲ့ပါတယ်။ နတ်ကွန်းကော်မတီဝင်တွေဟာ အဘွားအိုရဲ့ နာရေးကို လာရောက်ခဲ့ကြပြီး တာဝန်ယူမှုရှိကြောင်း ပြသတဲ့အနေနဲ့ ကနဦး အကူအညီ ဘတ် ၁၀,၀၀၀ ပေးအပ်ခဲ့ပါတယ်။ နာရေးပွဲအပြီးမှာတော့ ထပ်မံပေးလျော်မယ့် ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေ စုဆောင်းနေပြီး တရားခံစစ်ဆေးဖော်ထုတ်ဖို့ လုပ်ဆောင်နေပါတယ်။
Source;Thairath
