ကလေးတွေရဲ့ ဖုန်းနဲ့ လူမှုကွန်ရက်သုံးစွဲမှုကို ထိန်းချုပ်ဖို့ အစိုးရဥပဒေထက် မိဘတွေရဲ့ ပြုစုပျိုးထောင်မှုက ပိုအရေးကြီးကြောင်း ထောက်ပြ

နည်းပညာခေတ်တွင် ကလေးငယ်များ၏ ဖုန်း၊ ကွန်ပျူတာနှင့် လူမှုကွန်ရက် (Social Media) သုံးစွဲမှု သက်တမ်းကို ထိန်းချုပ်ရန် ကြိုးပမ်းရာ၌ မိဘများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ မိခင် ၃ ဦး၏ ကွဲပြားခြားနားသော အတွေ့အကြုံများနှင့် အမြင်များကို ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါတယ်။

 ၁။ မိခင် တစ်ပီ (Tippy) – အသက် ၁၅ နှစ်နှင့် ၁၇ နှစ်အရွယ် သားနှစ်ဦး၏မိခင်

▪️ဂိမ်းမှစတင်သည့် ပြဿနာ: ၎င်း၏အမြင်တွင် ပြဿနာမှာ လူမှုကွန်ရက်ကြောင့်မဟုတ်ဘဲ အွန်လိုင်းဂိမ်းများမှ စတင်ခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းဂိမ်းများသည် ကလေးများအတွက် အချင်းချင်း စကားပြောဆိုရာ လူမှုပတ်ဝန်းကျင်သစ် ဖြစ်လာခဲ့သည်။

▪️စည်းကမ်းလျှော့ပေါ့ခြင်း: အလုပ်ရှုပ်သည့် မိဘတစ်ဦးဖြစ်သဖြင့် စည်းကမ်းများကို တင်းကျပ်စွာ မကိုင်တွယ်နိုင်ခဲ့ဘဲ နောက်ပိုင်းတွင် လွှတ်ထားပေးခဲ့သည်။ ကလေးကို ဝအောင်ကျွေးထားသကဲ့သို့ ပေးကစားလိုက်ပြီးနောက် ၎င်းဘာသာ မျှတမှုကို ရှာဖွေစေသည့် နည်းလမ်းကို သုံးခဲ့သည်။ သားဖြစ်သူသည် ယူကျု (YouTube) မှတစ်ဆင့် ဗဟုသုတများစွာ သင်ယူနိုင်ခဲ့သော်လည်း တစ်ကြိမ်တွင် ဂိမ်းပစ္စည်း လိမ်လည်ခံရသဖြင့် ဘတ် ၁၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ဖူးသည်။ ၎င်းက အစိုးရ၏ စည်းမျဉ်းဘောင်အချို့ ရှိလာမည့်အပေါ် ထောက်ခံသည်။

၂။ မိခင် ဆူချာဒါ – အသက် ၁၂ နှစ်အရွယ် သမီးငယ်၏မိခင်

▪️ငယ်စဉ်ကတည်းက အလေ့အကျင့်ပျိုးထောင်ခြင်း: ကလေးငယ် ဆယ်ကျော်သက်မဖြစ်မီ ငယ်စဉ်ကတည်းက စည်းကမ်းနှင့် အလေ့အထကို တည်ဆောက်ရမည်ဟု ယုံကြည်သည်။ သမီးဖြစ်သူအား အင်စတာဂရမ် (Instagram) မပေးသုံးမီ အွန်လိုင်းအန္တရာယ်များကို ကြိုတင်ဆွေးနွေးခဲ့သည်။

▪️တင်းကျပ်သော ထိန်းချုပ်မှု: Apple ၏ Family-Sharing စနစ်ကိုသုံး၍ Instagram ကို တစ်နေ့ ၄၀ မိနစ်၊ TikTok ကို မိနစ် ၃၀ သာ ကန့်သတ်ပေးထားပြီး ကျောင်းဆင်းချိန်မှ ည ၉ နာရီအထိသာ သုံးခွင့်ပေးသည်။ ၎င်းက အစိုးရအနေဖြင့် ပလတ်ဖောင်းများတွင် အသက်ကန့်သတ်ချက်နှင့် အကြောင်းအရာ စစ်ဆေးမှုများ ပိုမိုတင်းကျပ်ပေးရန် လိုလားသော်လည်း၊ မည်သည့်ဥပဒေမျှ မိဘ၏ အုပ်ထိန်းမှုကို မရွေးချယ်နိုင်ဟု ယူကြည်သည်။

၃။ မိခင် အနီဆာ – ၁၀ တန်းကျောင်းသားတစ်ဦး၏မိခင်

▪️မိဘများ၏ တာဝန်သာဖြစ်ခြင်း: ပြဿနာမှာ ဥပဒေ သို့မဟုတ် ကျောင်းစည်းကမ်းများပေါ်တွင် မူတည်နေခြင်း မဟုတ်ဘဲ မိဘများ၏ ပြုစုပျိုးထောင်မှုအပေါ်၌သာ လုံးဝမူတည်သည်ဟု ယူဆသည်။ ၎င်းသည် သားဖြစ်သူအား အသက် ၁၅ နှစ်အထိ ကိုယ်ပိုင်ဖုန်း မပေးဘဲ မိသားစုဖုန်းကိုသာ ပူးတွဲသုံးစေခဲ့သည်။

▪️မိဘများ ကိုယ်တိုင် ပြင်ဆင်ရန်: မိဘအများစုမှာ မိမိတာဝန်ကို ကျောင်း သို့မဟုတ် အစိုးရထံ လွှဲချချင်နေကြသည်ဟု ဝေဖန်သည်။ မိဘကိုယ်တိုင် ဖုန်းစွဲလမ်းမှုကို အရင်ပြင်ရမည်ဖြစ်ပြီး ကလေးများနှင့်အတူ အခြားလှုပ်ရှားမှုများကို အတူတူလုပ်ဆောင်ပေးရမည်။

▪️အွန်လိုင်း၏ ဆိုးကျိုး: ၎င်း၏သား ကျောင်းဟောင်းတွင် ကျောင်းသားအချို့က AI သုံးပြီး အပြာပုံများပြုလုပ်ရောင်းချရာမှ ကွန်ပျူတာမှုခင်းဥပဒေဖြင့် အရေးယူခံရပြီး ဘွဲ့လက်မှတ်မရခဲ့သည့် ဖြစ်စဉ်ကို ထောက်ပြကာ လူမှုကွန်ရက်သည် ကလေးဘဝကို ဖျက်ဆီးနိုင်သဖြင့် ပိတ်ပင်ရုံနှင့်မရဘဲ ပြုစုပျိုးထောင်မှုစနစ် ပြောင်းလဲရမည်ဟု ဆိုသည်။

မိဘများအနေဖြင့် နည်းလမ်းကွဲပြားကြသော်လည်း ရင်ဆိုင်နေရသည့် လက်ရှိပကတိအခြေအနေမှာ မည်သည့်အစိုးရဥပဒေ၊ ကျောင်းစည်းကမ်း သို့မဟုတ် အိမ်တွင်းစည်းမျဉ်းတစ်ခုတည်းနှင့်မျှ ကလေးများအပေါ် လွှမ်းမိုးနေသည့် နည်းပညာနှင့် ဖုန်းစွဲလမ်းမှုပြဿနာကို အလွယ်တကူ မဖြေရှင်းနိုင်ဘဲ အဘက်ဘက်က ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါတယ်။

Source;Bangkok Post

#Mingalarnews #BangkokPostSpecial2026 #ParentingInDigitalAge #SocialMediaRestrictions