မြဝတီတွင် တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်သို့ ၆၀ မမ လက်နက်ကြီးကျည်နှင့် စက်သေနတ်ကျည်များ ကျရောက်၊ ဒေသခံများ မြေပြင်တွင် ဝပ်နေခဲ့ရ

ထိုင်း-မြန်မာနယ်စပ် ဂိတ်အချို့ကို ပိတ်ထားသော်လည်း မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး၊ ဇူလိုင်လ ၄ ရက် (မနေ့ညနေပိုင်း) က မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် ၆၀ မမ လက်နက်ကြီးကျည် နှင့် စက်သေနတ်ကျည်များသည် ထိုင်းနိုင်ငံ၊ တာ့ခ် (Tak) ပြည်နယ်၊ မဲဆောက် (Mae Sot) မြို့နယ်ရှိ ကျေးရွာလူကြီးအိမ်နှင့် ဒေသခံများ၏ အိမ်ခေါင်မိုးပေါ်သို့ ကျရောက်မှန်ကွင်းခဲ့သဖြင့် ရွာသားများ မြေပြင်ပေါ်တွင် ဝပ်၍ စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

ဇူလိုင်လ ၅ ရက် (ယနေ့နံနက်) သတင်းထောက်များ၏ တင်ပြချက်အရ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ “မင်းလံပန်” ကျေးရွာအနီးတွင် Div 22နှင့် KNLA တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။

နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ငယ်များ၊ စက်သေနတ်များ၊ အသေခံဒရုန်းများနှင့် လက်နက်ကြီးများကို အပြင်းအထန် အသုံးပြုခဲ့ကြသည်။

ရာဂျာနုစစ်ကြောင်း (Rajanum Task Force) ၏ ထုတ်ပြန်ချက်အရ ၆၀ မမ ကျည်ဆန်တစ်လုံးသည် ထိုင်းနိုင်ငံဘက်သို့ ကျော်လွန်ကျရောက်ခဲ့ပြီး၊ မဟာဝမ် (Maha Wan) တိုက်နယ်၊ ကျေးရွာအမှတ် ၁ ရှိ ဒေသခံလင်မယားနှစ်ဦး၏ နေအိမ်ခေါင်မိုးပေါ်သို့ ကျရောက်ကာ ရေတံလျှောက်အတွင်း ညှပ်နေခဲ့သည်။

အဆိုပါ ၆၀ မမ ကျည်၏ မြီးပိုင်း (Tail section) သည် ကျေးရွာအမှတ် ၉ ရှိ မစ္စတာ ဘွန်ချာ့ဒ် ၏ နေအိမ်ခေါင်မိုးကို ဖောက်ထွင်းဝင်ရောက်ခဲ့ရာ၊ စာပွဲခုံတွင် အလုပ်လုပ်နေသည့် ကျေးရွာလူကြီးနှင့် သီသီလေး လွဲချော်ခဲ့သည်။

လက်နက်ကြီးသာမက ၇.၆၂ မမ စက်သေနတ်ကျည်ဆန်များ သည်လည်း မဟာဝမ်တိုက်နယ်၊ ကျေးရွာအမှတ် ၉ ရှိ ဒေသခံအမျိုးသမီးတစ်ဦး၏ နေအိမ်အတွင်းသို့ မိုးပက်သလို တဖွဲဖွဲ ကျရောက်ခဲ့သည်။ အိမ်တွင်းရှိ သားအမိနှစ်ဦးမှာလည်း ကျည်လွတ်ရာ ကြမ်းပြင်ပေါ်တွင် ဝပ်နေခဲ့ရပြီး အသက် ၁ လသားအရွယ် ခွေးပေါက်လေးတစ်ကောင်ပင် စားပွဲအောက်၌ ပုန်းအောင်းခဲ့ရသည်။

ထိုင်းစစ်တပ်၏ စစ်ဆေးချက်အရ KNLA တပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ၊ မဟာဝမ်တိုက်နယ်၊ ကျေးရွာအမှတ် ၉ နှင့် မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းရှိ Casino အဆောက်အအုံတစ်ခုကို အခြေစိုက်စခန်းအဖြစ် အသုံးပြုနေခြင်းကြောင့် စစ်ကောင်စီတပ်များက ၎င်းနေရာကို ဦးတည်ပစ်ခတ်ရာမှ ထိုင်းဘက်သို့ ကျည်ဆန်များ လွင့်စင်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ရာဂျာနုစစ်တပ်နှင့် မဟာဝမ်တိုက်နယ် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်ကာ ဒေသခံများ၏ နေအိမ်ပျက်စီးမှုများကို လိုက်လံစစ်ဆေးနေပြီး၊ အိမ်ပေါ်တွင် တင်ကျန်နေသည့် ၆၀ မမ လက်နက်ကြီးကျည်အား စနက်တံ ဖြုတ်ကာ ဘေးကင်းအောင် ရှင်းလင်းပေးထားပါတယ်။

Source;Thairath