ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ပမာဏ ၇.၄ အဆင့်ရှိ အပြင်းစား ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ ခရိုင်အများအပြားတွင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အဆောက်အအုံ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် မြေတိုင်းစနစ် (USGS) ၏ ထုတ်ပြန်ချက်အရ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၇:၃၄ နာရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဗဟိုချက်မှာ ချိုကို (Chocó) ခရိုင်၊ စန်ဟိုဆေ ဒဲလ် ပယ်လ်မား (San José del Palmar) မြို့အနီး မြေအောက် အနက် ၁၀၇ ကီလိုမီတာတွင် ဖြစ်ပြီး မြို့တော် ဘိုဂိုတာ၏ အနောက်ဘက် ကီလိုမီတာ ၂၈၀ အကွာတွင် တည်ရှိသည်။
ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်မြို့တော် ကိဘ်ဒိုး (Quibdó) တွင် လူထိခိုက်ဒဏ်ရာရရှိမှုများရှိပြီး အဆောက်အအုံများနှင့် နေအိမ်များ ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း၊ နောက်ဆက်တွဲ ငလျင်များ (Aftershocks) ထပ်မံလှုပ်ခတ်မည်ကို စိုးရိမ်နေရကြောင်း အတည်ပြုထားသည်။
ခရိုင်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ ခရိုင်မြို့တော် ပီရိုင်းရား (Pereira) တွင်လည်း အဆောက်အအုံ အများအပြား၏ မျက်နှာစာများ ပြိုကျ ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။
မြို့တော်အထိ ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး အရေးပေါ် ဥဩဆွဲသံများကြောင့် ပြည်သူများ လမ်းပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ သို့သော် မြို့တော်ဝန် ကားလို့စ် ဂါလန် (Carlos Galán) ၏ ထုတ်ပြန်ချက်အရ မြို့တော်အတွင်း အဆောက်အအုံ အနည်းငယ် အက်ကြောင်းထခြင်းမှလွဲ၍ ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် ပြင်းထန်သည့် ပျက်စီးမှု မရှိသေးကြောင်း သိရသည်။
အမေရိကန် ဆူနာမီ သတိပေးရေး စနစ်က ယခုငလျင်ကြောင့် ဆူနာမီ အန္တရာယ် မရှိကြောင်း အတည်ပြုထားသည်။
ကိုလံဘီယာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဗင်နီဇွဲလားနိုင်ငံ တာချီရာ (Táchira) ပြည်နယ်နှင့် အနောက်ပိုင်း ဒေသများအထိပါ ငလျင်ရိုက်ခတ်မှုကို ခံစားခဲ့ရသည်။
Source;Thairath
