အမေရိကန်-အီရန် တင်းမာမှုကြောင့် ရေနံစျေးနှုန်းများ ပြန်လည်မြင့်တက်

အမေရိကန်နှင့် အီရန်တို့စပါး ငြိမ်းချမ်းရေးစာချုပ်ရေးထိုးရေးနှင့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးပွဲများ အဆင်မပြေဘဲ အကဲဆတ်သည့် အခြေအနေသို့ ရောက်ရှိသွားပြီးနောက် ကမ္ဘာ့ရေနံစျေးနှုန်းများသည် ၂ ပတ်နီးပါးကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပါတယ်။
ဘရန့် (Brent) ရေနံစိမ်း စျေးနှုန်းသည် တစ်ဘီပါလျှင် ၈၈ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး အမေရိကန် ရေနံစိမ်းစျေးနှုန်း (WTI) မှာလည်း တစ်ဘီပါလျှင် ၈၂.၄၅ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။

အီရန်ဘက်မှ ရေလက်ကြားဖွင့်လှစ်ရန် တောင်းဆိုချက်များအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ပွဲများနှင့် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သူများအတွက် လျှော်ကြေးပြန်လည်တောင်းဆိုခဲ့သဖြင့် သံတမန်ရေးအရ ညှိနှိုင်းမှုများ ပိုမိုခက်ခဲသွားခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာရေး အကဲခတ်သူများ၏ သုံးသပ်ချက်အရ အဖွဲ့နှစ်ဖွဲ့စလုံးမှ လျှော့ပေးမည့်လက္ခဏာ မတွေ့ရသေးသဖြင့် ရေနံစျေးနှုန်းသည် တစ်ဘီပါလျှင် ၇၅ ဒေါ်လာမှ ၉၅ ဒေါ်လာကြား ဆက်လက် လှုပ်ခတ်နေနိုင်ကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့တွင် ထွက်ရှိမည့် အမေရိကန် စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) သတင်းပေါ်မူတည်၍ အမေရိကန် ဗဟိုဘဏ် (Fed) အနေဖြင့် အတိုးနှုန်း ထပ်မံမြှင့်တင်မလားဆိုသည်ကို ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေကြသည်။
အရှေ့အလယ်ပိုင်း တင်းမာမှုနှင့် ငွေကြေးဖောင်းပွမှု စိုးရိမ်ချက်များကြောင့် အာရှ-ပစိဖိတ် စတော့ညွှန်းကိန်း (MSCI) မှာ ၀.၂ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယား Kospi မှာ ၀.၃ ရာခိုင်နှုန်းမျှသာ အနည်းငယ် မြင့်တက်ခဲ့သည်။
ဂျပန်ယန်းငွေမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၉ ယန်းဝန်းကျင်၌ ဆက်လက် အားနည်းနေဆဲဖြစ်ပြီး၊ ရွှေစျေးနှုန်းမှာမူ တစ်အောင်စလျှင် ၄,၄၀၉.၈၁ ဒေါ်လာအထိ မြင့်တက်လာခဲ့သည်။

နည်းပညာကုမ္ပဏီကြီးဖြစ်သော Nvidia သည် AI အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရန် ဘဏ်ကြီး ၆ ခုနှင့် ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ကျော် ရန်ပုံငွေရှာဖွေမည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့သဖြင့် နည်းပညာစတော့များအပေါ် စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။

Source;The Nation