ထိုင်းနိုင်ငံ၊ ခရာဘီ (Krabi) မြို့နယ်၊ အောက်နမ်း ရပ်ကွက်ရှိ ရေသန့်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် PJ စာအုပ်ကိုင်ဆောင်ထားသူ မြန်မာအလုပ်သမား ညီအစ်ကို နှစ်ဦးသည် အလုပ်ရှင်၏ ယောက်ဖဖြစ်သူထံ သွားရောက်ကူညီစဉ် ကရိန်းကြိုးပြတ်ကျကာ မှန်ချပ်များ ပိမိ၍ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်သည် ဩဂုတ် ၁၅ ရက် (၂၀၂၆) ညနေ ၆:၃၀ နာရီခန့်တွင် ခရာဘီမြို့နယ်၊ အောက်နမ်း ရပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။သေဆုံးသူ မြန်မာလုပ်သား ၂ ဦးမှ ကိုအောင်လင်းသူ (အသက် ၂၉ နှစ်) – ပဲခူးမြို့၊ ဥဿာ ရပ်ကွက်နေထိုင်သူဖြစ်ပြီးကိုရဲသူဟိန်း (အသက် ၂၂ နှစ်) – သနပ်ပင်မြို့နယ်၊ နတ်ရေကန် ကျေးရွာနေထိုင်သူဖြစ်ပါတယ်။၎င်းတို့နှစ်ဦးသည် တစ်ဝမ်းကွဲ ညီအစ်ကို တော်စပ်ကြပြီး PJ ပတ်စပို့ စာအုပ် ကိုင်ဆောင်ထားသူများ ဖြစ်ကြပါတယ်။
ရေသန့်စက်ရုံ အလုပ်ဆင်းချိန်၌ အလုပ်ရှင်၏ ယောက်ဖဖြစ်သူက စက်ရုံပြင်ပ အလုပ်တစ်ခုတွင် လာရောက် ကူညီခိုင်းခဲ့သဖြင့် သွားရောက် ဆောင်ရွက်စဉ် မှန်ချပ်များကို ကရိန်းဖြင့် မတင်ရာမှ ကရိန်းကြိုး ပြတ်ကျခဲ့သည်။ ထို့ကြောင့် မှန်ချပ်များ ဖိမိကာ ဒဏ်ရာ အပြင်းအထန် ရရှိပြီး နှစ်ဦးစလုံး သေဆုံးသွားခဲ့ရသည်။
သေဆုံးသူများ၏ မိသားစုဝင်များမှာ တရားဥပဒေနှင့် သေမှုသေခင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နားမလည်ကြသဖြင့် WAG အလုပ်သမား မဟာမိတ်အဖွဲ့ ထံ အကူအညီ တောင်းခံခဲ့သည်။ အဆိုပါ အကူအညီ တောင်းခံမှုကြောင့် WAG အဖွဲ့သည် ဩဂုတ် ၁၆ ရက် (၂၀၂၆) နံနက် ၁၀:၀၀ နာရီတွင် အဆိုပါ သေမှုသေခင်း အမှုကို လက်ခံ၍ ဥပဒေအတိုင်း နစ်နာကြေးနှင့် နာရေးကိစ္စများ ဆက်လက် ဆောင်ရွက်ပေးနိုင်ရန် စတင် တာဝန်ယူခဲ့ကြောင်းသိရပါတယ်။
Source;WAG
