ဖူးခက်တွင် တရားမဝင် ကြက်ဝိုင်း စီးနင်းခံရပြီး မြန်မာ ၉ ဦးအပါအဝင် ၁၁ ဦး ဖမ်းဆီးခံရ

ဖူးခက်မြို့နယ်၊ ရတ်သဒါ (Ratsada) မြို့နယ်ခွဲ၊ ကင်းကဲဝ် ၆ လမ်းကြားရှိ တဲတစ်နေရာတွင် တရားမဝင် ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသား ၉ ဦးအပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဩဂုတ် ၁၆ ရက်နေ့က ဖူးခက်မြို့နယ် ရဲစခန်းမှ ရဲအုပ် မာထရီ ဆူကဲဝ် ၏ ညွှန်ကြားချက်ဖြင့် စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ တဲအနီးသို့ ကားရပ်နား၍ ခြေလျင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

ကြက်ဝိုင်းအတွင်း လောင်းကစားပြုလုပ်နေသူ ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၉ ဦး(စုစုပေါင်း ၁၁ ဦး) ကို လက်ဝယ်တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့သည်။တိုက်ကြက် ၂ ကောင်၊ ကြက်ဝိုင်း အကာ ၁ ဝိုင်း နှင့် အချိန်မှတ်နာရီ ၁ လုံးတို့ကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့သည်။

ဖမ်းဆီးရမိသူ ၁၁ ဦးလုံးအား “ခွင့်ပြုချက်မရှိဘဲ တရားမဝင် ကြက်တိုက်လောင်းကစား ပြုလုပ်မှု” ဖြင့် အမှုဖွင့်ထားသည်။မြန်မာနိုင်ငံသား ဦးအောင်ဇော်ထွန်း ဆိုသူအား “ခွင့်ပြုချက်မရှိဘဲ တရားမဝင် ကြက်တိုက်လောင်းကစားဝိုင်း ဦးဆောင်ကျင်းပပေးမှု” ပုဒ်မ ထပ်မံတိုးမြှင့်၍ အမှုဖွင့်ထားသည်။

ဖမ်းဆီးခံရသူ အားလုံးက ပြစ်မှုကို ဝန်ခံထားကြပြီး ဥပဒေအရ ဆက်လက် အရေးယူနိုင်ရန် ဖူးခက်မြို့နယ် ရဲစခန်း စုံစမ်းစစ်ဆေးရေး အရာရှိများထံ လွှဲပြောင်းပေးအပ်ထားသည်။

Source;เหยี่ยวข่าว ภูเก็ต