ချင်းမိုင်တွင် ၁ နာရီကျော် မိုးသက်လေပြင်း ကျရောက်ပြီး လမ်းများ ရေနစ်မြုပ်

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင် (Chiang Mai) မြို့တော်နှင့် မယ်ရင်း (Mae Rim) မြို့နယ်တို့တွင် အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက ၁ နာရီကျော်ကြာ မိုးသက်လေပြင်းများ သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြို့တွင်း လမ်းမကြီးများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပါတယ်။

မွန်းလွဲ ၂:၃၀ နာရီခန့်မှစ၍ လေပြင်းများနှင့်အတူ မိုးဆက်တိုက် ရွာသွန်းခဲ့သဖြင့် လမ်းမများပေါ် ရေများ လျှံတက်လာခဲ့သည်။ မယ်ရင်းမြို့နယ်ရှိ ချိုတာနာလမ်းနှင့် ချင်းမိုင်မြို့တွင်းရှိ သီပင်မောင်း၊ ကတ်ကွမ် အနိမ့်ပိုင်း အိမ်ရာများကို ရေနုတ်မြောင်း လျှံတက်လာမည်ကို အထူးစောင့်ကြည့်နေရသည်။

ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က ရေဘေးသင့် ပြည်သူများအတွက် လျာထားသည့် ဘတ် ၄.၇ ဘီလီယံ ကို အမြန်ဆုံး ထောက်ပံ့ပေးရန်နှင့် ခိုလှုံရေးစခန်းများကို အသင့်ပြင်ထားရန် ညွှန်ကြားထားသည်။ ရေကျသွားသည့် နေရာများတွင်လည်း ချက်ချင်း သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် စေခိုင်းထားသည်။

အောက်တိုဘာ ၅ ရက်မှ ၆ ရက်အတွင်း အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးဆက်လက် ရွာသွန်းနိုင်ပြီး တောင်ပိုင်းဒေသများအနေဖြင့် အောက်တိုဘာ ၁၀ ရက်အထိ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

Source;The Nation