ရေကြီးစဉ် မျောပါသွားသည့် ယာဉ်နံပါတ်ပြားများကို DLT ၌ ၂၀၅ ဘတ်ဖြင့် အသစ်ပြန်လျှောက်နိုင်

လွန်ခဲ့သည့် တစ်လနီးပါးက ရေကြီးရေလျှံမှုများအတွင်း ရေထုဖြတ်သန်း မောင်းနှင်စဉ် မော်တော်ယာဉ် နံပါတ်ပြား (Licence plates) မျောပါပျောက်ဆုံးသွားခဲ့သည့် ယာဉ်ပိုင်ရှင် ထောင်ပေါင်းများစွာအတွက် အာဏာပိုင်များနှင့် DLT တို့က ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။

ရဲစခန်းများနှင့် မြို့နယ်ရုံးများက ရေကျသွားပြီးနောက် လိုက်လံကောက်ယူရရှိထားသည့် နံပါတ်ပြား ရာပေါင်းများစွာ၏ ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် တင်ပေးထားပြီး ယာဉ်ပိုင်ရှင်များအနေဖြင့် သွားရောက် စိစစ်ထုတ်ယူနိုင်ပါသည်။

နံပါတ်ပြား ကောက်ရသူများနှင့် ပျောက်ဆုံးသူများကို ချိတ်ဆက်ပေးသည့် FindMyPlateအွန်လိုင်း ပလပ်ဖောင်းတွင် ကောက်ရသည့် နံပါတ်ပြား ဓာတ်ပုံနှင့် နေရာများကို တင်ပေးထားသဖြင့် ယာဉ်ပိုင်ရှင်များက နံပါတ်နှင့် ခရိုင်အမည် ရိုက်ထည့်၍ လွယ်ကူစွာ ရှာဖွေနိုင်သည်။

ပျောက်ဆုံးသွားသည့် နံပါတ်ပြားများကို ပြန်မတွေ့သူများအတွက် ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန (DLT) က နိုဝင်ဘာ ၃၀ ရက်အထိ တစ်နိုင်ငံလုံးရှိ မည်သည့် ကုန်းလမ်းပို့ဆောင်ရေးရုံးတွင်မဆို နံပါတ်ပြားအသစ် လျှောက်ထားခွင့် ပြုထားသည်။

မိမိ၏ မှတ်ပုံတင်မူရင်း (သို့မဟုတ်) ယာဉ်မှတ်ပုံတင် စာအုပ်မိတ္တူ (Vehicle registration book) သာ လိုအပ်သည်။ ရဲစခန်း တိုင်ချက်ဇယား ပါရှိရန် မလိုဘေ။ (ကိုယ်စား လျှောက်ထားပါက ကိုယ်စားလှယ်လွှဲစာ လိုအပ်မည်)။

နံပါတ်ပြား တစ်ချပ်လျှင် ဘတ် ၁၀၀ နှင့် လျှောက်လွှာကြေး ၅ ဘတ် ဖြစ်သဖြင့် ရှေ့/နောက် နံပါတ်ပြား ၂ ချပ်လုံးအတွက် ၂၀၅ ဘတ် သာ ကျသင့်မည်ဖြစ်သည်။

တရားမဝင် ကိုယ်တိုင် နံပါတ်ပြား ရေးဆွဲပြုလုပ်ပါက ဥပဒေအရ ဘတ် ၂,၀၀၀ အထိ ဒဏ်ငွေ ရိုက်ခံရနိုင်သဖြင့် တရားဝင် ရုံးများတွင်သာ လျှောက်ထားကြရန် DLT က သတိပေးထားသည်။

Source;ThaiPBS