ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ စျေးဝယ်စင်တာတစ်ခုအတွင်းရှိ အလှအပပြုပြင်ရေး ဆေးခန်း (Beauty Clinic) တစ်ခုသည် အခမဲ့ ဝန်ဆောင်မှု စမ်းသပ်ရန် ဖိတ်ခေါ်ခဲ့ပြီးနောက် သဘောတူညီချက် မရှိဘဲ ခရက်ဒစ်ကတ်မှ ဘတ် ၈၅,၈၀၀ ဖြတ်တောက်ယူခဲ့သည်ဟု ဇနီးမောင်နှံနှစ်ဦးက စွပ်စွဲတိုင်ကြားခဲ့ကြောင်း သိရပါတယ်။
လွန်ခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့က အဆိုပါ ဇနီးမောင်နှံသည် စျေးဝယ်စင်တာ ၄ ထပ်ရှိ အလှအပဆေးခန်း အပြင်ဘက်တွင် ဝန်ထမ်းများ၏ အခမဲ့ ဝန်ဆောင်မှု စမ်းသပ်ရန် ဖိတ်ခေါ်ခြင်းကို လက်ခံခဲ့သည်။
ဇနီးဖြစ်သူအား ကုသဆောင်အတွင်း ခေါ်ဆောင်သွားစဉ် ဝန်ထမ်းများက အမျိုးသားထံမှ ခရက်ဒစ်ကတ် တောင်းယူခဲ့သည်။ အခမဲ့ဖြစ်ပါလျက် ကတ်တောင်းရသည့် အကြောင်းအရင်းကို မေးမြန်းခဲ့သော်လည်း ဝန်ထမ်းများက ထပ်မမေးရန် ငြင်းဆန်ကာ ကတ်ကို ယူဆောင်သွားခဲ့ပြီး ကုသမှုအပြီးတွင် ဘတ် ၈၅,၈၀၀ ဖိုး ဖြတ်တောက်ထားသည့် ပြေစာကို လက်ခံရရှိခဲ့သည်။
အမျိုးသားဖြစ်သူ၏ မျက်နှာပေါ်တွင် လိမ်းပေးခဲ့သည့် ဆေးဝါးကြောင့် ထုံကျင်ခြင်းနှင့် အမြင်အာရုံ ဝေဝါးခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အပြင်၊ ပုခုံးကို လျှပ်စစ်ပစ္စည်းတစ်မျိုးဖြင့် အသုံးပြုခဲ့သဖြင့် နာကျင်မှုများ ခံစားခဲ့ရသည်။ ဖြစ်စဉ်ကြောင့် စိတ်ဖိစီးမှုများကာ အိပ်မပျော်ဘဲ ကိုယ်အလေးချိန် ၂ ကီလိုဂရမ်အထိ ကျဆင်းခဲ့ရသည်။
ဖြစ်စဉ်ကို သမီးဖြစ်သူက လူမှုကွန်ရက် Facebook ပေါ်တွင် ဩဂုတ် ၃၀ ရက်နေ့က စတင်မျှဝေခဲ့ရာ အလားတူ လိမ်လည်ခံခဲ့ရသည့် ဒုက္ခသည် အများအပြားက ဆက်သွယ်လာခဲ့ကြသည်။ လက်ရှိတွင် သမီးဖြစ်သူသည် အဆိုပါ ဆေးခန်းအား တရားဝင် တိုင်ကြားစွဲဆိုနိုင်ရန်အတွက် သက်သေအထောက်အထားများ စုဆောင်းလျက်ရှိသည်။
အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆေးခန်းနှင့် စျေးဝယ်စင်တာဘက်မှ တစ်စုံတစ်ရာ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
Source;Thaiger
