ထိုင်းနိုင်ငံအား ကမ္ဘာ့ထိပ်တန်း Wellness Hub ဖြစ်လာစေရေးအတွက် ထိုင်းရိုးရာမဟုတ်သည့် အနောက်တိုင်းနှင့် အားကစားဆိုင်ရာ နှိပ်နယ်ပေးသည့် (Non-Thai massage) နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များကို တရားဝင် လုပ်ကိုင်ခွင့်ပြုရန်နှင့် အိမ်တိုင်ရာရောက် သွားရောက်နှိပ်နယ်ပေးသည့် (Mobile massage) ဝန်ဆောင်မှုများကို စနစ်တကျ လိုင်စင်ထုတ်ပေးရန် အပန်းဖြေနှင့် ကျန်းမာရေး (Wellness) လုပ်ငန်းရှင်များက စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန် တောင်းဆိုလိုက်ပါတယ်ဗျာ။
ထိုင်းရိုးရာ နှိပ်နယ်ခြင်းကို ထိုင်းနိုင်ငံသားများအတွက် သီးသန့် အလုပ်အကိုင်အဖြစ် ဥပဒေအရ ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်သော်လည်း၊ အနောက်တိုင်းစတိုင်၊ အားကစားဆိုင်ရာနှင့် ရိုးရာ+ခေတ်သစ် ပေါင်းစပ်နှိပ်နယ်မှုများအတွက် နိုင်ငံခြားသား ကျွမ်းကျင်သူများကို အလုပ်လုပ်ကိုင်ခွင့် ပြုသင့်ကြောင်း စိဗာဆုမ် (Chiva-Som) အပန်းဖြေစခန်း၏ အတိုင်ပင်ခံ ဦးခရော့ဒ် (Krod Rojanastien) က ပြောကြားခဲ့သည်။
လက်ရှိတွင် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးသည့် Mobile Massage ကို တရားဝင် ထိန်းချုပ်သည့် ဥပဒေမရှိသေးဘဲ ရုပ်ပိုင်းဆိုင်ရာ ဆိုင်ခန်းရှိသည့် လုပ်ငန်းများကိုသာ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည်။ ထို့ကြောင့် သုံးစွဲသူနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ယခု တိုးတက်လာသည့် ဝန်ဆောင်မှုကို စနစ်တကျ လိုင်စင်ထုတ်ပေးရန် တောင်းဆိုထားသည်။
အရှေ့ပိုင်း စီးပွားရေး စင်္ကြံ (EEC) ကဲ့သို့ ဒေသများတွင် နိုင်ငံခြားသား သင်တန်းသားများနှင့် ပညာရှင်များ လာရောက်လုပ်ကိုင်နိုင်ရန် လွယ်ကူသည့် စည်းမျဉ်းများဖြင့် စမ်းသပ်နယ်မြေအဖြစ် သတ်မှတ်ပေးရန် အကြံပြုထားသည်။
Global Wellness Institute ၏ စာရင်းများအရ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ Wellness စီးပွားရေး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၂.၇ ဘီလီယံ ရှိခဲ့ပြီး၊ ကမ္ဘာ့ Wellness စီးပွားရေးမှာ တစ်နှစ်လျှင် ၇.၆% နှုန်းဖြင့် ဒေါ်လာ ၆.၈ ထရီလီယံအထိ တိုးတက်လျက်ရှိသည်။
အစိုးရအနေဖြင့် ကျန်းမာရေးအတွက် လာရောက်သည့် ခရီးသွားများထံမှ ဝင်ငွေပိုမိုရရှိရန် Visitor Economy မူဝါဒကို ဖော်ဆောင်နေပြီး လုပ်ငန်းရှင်များကလည်း စည်းမျဉ်းများကို ခေတ်နှင့်အညီ ပြုပြင်ရန် တိုက်တွန်းနေကြသည်။
Source;Bangkok Post
