ထိုင်းနိုင်ငံ၊ Mahasarakham ပြည်နယ်ရှိ Mahasarakhamတက္ကသိုလ်မှ ကျောင်းသားသစ် ၄,၀၀၀ ကျော်တွင် အသည်းတွင်းသန်ကောင် ကူးစက်ပိုး စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် လူငယ်များအကြိုက် စားလေ့ရှိသည့် သင်္ဘောသီးထောင်းဆိုင်များရှိ ငပိရည်များကို ကွင်းဆင်းစစ်ဆေးရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်ပါတယ်။
ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ကူးစက်ရောဂါထိန်းချုပ်ရေးဌာန၏ တင်ပြချက်အရ ကျောင်းသားလူငယ်များအကြား ကူးစက်မှုနှုန်းမှာ အလွန်မြင့်မားနေသည်။ Mahasarakham တက္ကသိုလ်တွင်၂၀၂၆ ပညာသင်နှစ် ကျောင်းသားသစ် ၁၂,၇၀၀ ကျော်ကို စစ်ဆေးခဲ့ရာ ၄,၂၃၃ ဦး (၃၃ ရာခိုင်နှုန်း) အထိ သန်ကောင်ပိုး တွေ့ရှိခဲ့ရသည်။ကျောင်းသားသစ် ၁,၉၂၂ ဦးအနက် ၃၈၀ ဦး (၁၉ ရာခိုင်နှုန်း) တွင် ပိုးတွေ့ရှိခဲ့ပြီး၊ ဒေသခံပြည်သူများကို စစ်ဆေးရာတွင်လည်း ၁၁ ရာခိုင်နှုန်းခန့် ကူးစက်ခံထားရသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Chumpit Decharat က ယခုကဲ့သို့ ကူးစက်မှုနှုန်း မြင့်မားနေခြင်းမှာ ထိုင်းအစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်မရှိဘဲ သန့်ရှင်းမှုမရှိသည့် အစိမ်းချက် ငပိရည်များ ထည့်သွင်းထားသော သင်္ဘောသီးထောင်းများကို စားသုံးခြင်းကြောင့်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
အဆိုပါ ငပိရည်များတွင် ပါဝင်နေတတ်သည့် အသည်းတွင်းသန်ကောင်ဥများသည် လတ်တလောတွင် ရောဂါလက္ခဏာမပြသော်လည်း နောက်ထပ် ၁၅ နှစ်မှ ၂၀ နှစ်အကြာတွင် ဗီဇပြောင်းလဲကာ ကုသရန်ခက်ခဲသည့် ‘သည်းခြေပြွန်ကင်ဆာ (Bile duct cancer)’ ကို ဖြစ်ပွားစေနိုင်သဖြင့် အလွန်စိုးရိမ်စရာ ဖြစ်လာသည်။
ပြည်သူ့ကျန်းမာရေးဌာနသည် တက္ကသိုလ်အနီးတဝိုက်ရှိ သင်္ဘောသီးထောင်းဆိုင်များကို လိုက်လံစစ်ဆေးပြီး၊ သေချာကျိုချက်ထားသည့် ငပိရည်ကိုသာ သုံးစွဲရန် ပညာပေးသွားမည်။
ကျိုချက်ပြီးသား သန့်ရှင်းသော ငပိရည်သုံးသည့် ဆိုင်များကို “ဤဆိုင်သည် ကျိုချက်ပြီးသား ဘေးကင်းသောငပိရည်ကို သုံးစွဲသည်” ဟူသော ဆိုင်းဘုတ်များ ချိတ်ဆွဲပေးကာ ကျောင်းသားများနှင့် ပြည်သူများ စိတ်ချလက်ချ ရွေးချယ်စားသုံးနိုင်ရန် ဆောင်ရွက်မည်။
လာမည့် ဩဂုတ်လ ၃ ရက်နေ့တွင် သင်္ဘောသီးထောင်းသည်များနှင့် စားသောက်ဆိုင်ပိုင်ရှင်များကို ဖိတ်ခေါ်၍ သန့်ရှင်းမှုစံနှုန်းဆိုင်ရာ အထူးသင်တန်း ပေးသွားမည်ဖြစ်ပါတယ်။
Source;Thairath
