ထိုင်းနိုင်ငံ၊ ဖက်ချဘူရီ (Phetchaburi) ခရိုင်၊ ချာအမ် (Cha-am) မြို့နယ်ရှိ နာမည်ကြီး “လုံဂျော့” (Lung Jod) ရေခဲမုန့်ရောင်းသူ ပိုင်ရှင် အမျိုးသမီးသည် မိမိတို့ ရဲတပ်ဖွဲ့မှဖြစ်သည်ဟု ဆိုကာ အိမ်အထိ လာရောက်၍ အလှူငွေ အကြိမ်ကြိမ် တောင်းခံနေသည့် အမျိုးသား ၄ ဦးအဖွဲ့အား မိသားစု လုံခြုံရေးအတွက် စိုးရိမ်သဖြင့် ချာအမ်မြို့မရဲစခန်းတွင် တရားဝင် သွားရောက် တိုင်ကြားခဲ့ကြောင်း သိရပါတယ်။
မတ်လ ၂၅ ရက်နေ့က အမျိုးသားတစ်ဦးသည် အိမ်သို့ လာရောက်၍ အဖွဲ့အစည်းအတွက် အလှူငွေ တောင်းခံသဖြင့် ဆိုင်ရှင် ဒေါ်ဒူဆာရာ (Dusara) က ဘတ် ၁,၀၀၀ လှူဒါန်းခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် ထပ်မံလာရောက် တောင်းခံသဖြင့် နောက်ထပ် ဘတ် ၁,၀၀၀ ထပ်မံ ပေးခဲ့ရသည်။
တတိယအကြိမ်တွင် အဆိုပါ အမျိုးသားသည် အမျိုးသမီးတစ်ဦးနှင့်အတူ ရောက်ရှိလာပြီး ဘတ် ၂,၀၀၀ တောင်းခံခဲ့ရာ စီးပွားရေး မကောင်းသဖြင့် ဘတ် ၁,၀၀၀ သာ ပေးနိုင်မည်ဟု စီးပွားဘက်က ညှိနှိုင်းစဉ် “လုံဂျော့၏ အိမ်ကို သိသည်” ဟု ဆိုကာ ခြိမ်းခြောက် စကားပြောဆိုသွားခဲ့သည်။
စက်တင်ဘာ ၄ ရက်နေ့တွင် ဘန်ကောက် လိုင်စင်စလိပ်ပါ အနက်ရောင် ပစ်ကပ်ကားတစ်စီးဖြင့် စီးနင်းလာပြီး အမျိုးသား ၄ ဦးအနက် တစ်ဦးက မှန်ချ၍ ငွေလွှဲပေးရန် ပြောဆိုခဲ့သည်။ ဆိုင်ရှင်၏ သမီးဖြစ်သူက အဘိုးဖြစ်သူထံ တိုက်ရိုက် ဆက်သွယ်ရန် ပြောဆိုစဉ် ကားမောင်း ထွက်ပြေးသွားခဲ့ကြသည်။
တရားခံများက ရဲတပ်ဖွဲ့ ရဲမှူးကြီး၏ သီချင်း CD များကို ပြသ၍ ရဲတပ်ဖွဲ့နှင့် ရင်းနှီးကြောင်း ဒိုင်ယာလော့ခ် ပေးခဲ့သဖြင့် “Friends Helping Friends” အဖွဲ့ဥက္ကဋ္ဌ ရဲမှူးကြီး ပိုင်းရတ် (Pairat Paiphanrat) ထံ ဆက်သွယ် မေးမြန်းခဲ့ရာ – အဆိုပါ CD များမှာ မိမိတို့ ၂၀၀၉ ခုနှစ်ကတည်းက ထုတ်ဝေခဲ့သော CD များ မှန်ကန်သော်လည်း ယခု ဖြစ်စဉ်ပါ ပုဂ္ဂိုလ်များနှင့် ယာဉ်မှာ မိမိတို့ အဖွဲ့အစည်းနှင့် လုံးဝ မသက်ဆိုင်ကြောင်းနှင့် မည်သို့ မည်ပုံ ရရှိသွားသည်ကို မသိရှိရကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်အဖြစ် ဟန်ဆောင်မှု၊ ခြိမ်းခြောက် ငွေတောင်းခံမှု စသည့် ပြစ်မှုများဖြင့် ရဲတပ်ဖွဲ့က အဆိုပါ ယာဉ်နှင့် ပါဝင်သူ ၄ ဦးအား အမြန်ဆုံး စိစစ်ဖော်ထုတ်ကာ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
Source;Khaosod
