ချွန်ပူရီရှိ ကော်ပစ္စည်းစက်ရုံ၌ မြန်မာ ၁၇ ဦး အခွင့်အရေး ချိုးဖောက်ခံရ

ထိုင်းနိုင်ငံ၊ ချွန်ပူရီ (Chonburi) ခရိုင်၊ ဘန်းဘိုအင်း (Bang Bueng) မြို့နယ်ရှိ ရေခဲသေတ္တာ ကော်ပစ္စည်းစက်ရုံတစ်ခုတွင် လုပ်သက် ၁ နှစ်ကျော်ရှိပြီဖြစ်သော မြန်မာအလုပ်သမား (CI/PJ) ၁၇ ဦး (ကျား ၁၃ ဦး၊ မ ၄ ဦး) သည် အလုပ်သမားအခွင့်အရေးများ အမြောက်အမြား ချိုးဖောက်ခံနေရသဖြင့် WAG နှင့် FED အဖွဲ့တို့၏ ကူညီမှုဖြင့် ယနေ့ (ဩဂုတ် ၃၁) တွင် မြို့နယ်အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာန (စဝဒ်ဒီကန်) သို့ သွားရောက်တိုင်ကြားခဲ့ကြပါတယ်။

စက်ရုံဘက်က ကျန့်ခေါက် (အလုပ်လုပ်ခွင့်) ပေးထားသော်လည်း ကျန့်မခေါက် (ဗီဇာသက်တမ်း) မတိုးပေးသဖြင့် ရဲတပ်ဖွဲ့ဝင် စစ်ဆေးမှုတွင် ဖမ်းဆီးခံခဲ့ရပြီး ဒဏ်ကြေး ဘတ် ၅,၀၀၀ စီ ပေးဆောင်ခဲ့ရသည်။ သို့သော် စက်ရုံဘက်က အလုပ်သမားများထံမှ ဘတ် ၁၀,၀၀၀ စီ ပြန်လည်ဖြတ်တောက်ခဲ့သည်။

တနင်္ဂနွေ ပိတ်ရက်များတွင် အလုပ်ဆင်းခိုင်းပြီး ၂ ဆကြေး (OT) မပေးသည့်အပြင် အလုပ်မဆင်းပါက အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့အပြင် ညဆိုင်း ဆင်းရသော်လည်း ညဆိုင်းကြေး လုံးဝမပေးခဲ့ပေ။

ကန်စန်ခွန် (လူမှုဖူလုံရေး) ကြေးများကို လစဉ် ဖြတ်တောက်ထားသော်လည်း လူမှုဖူလုံရေးကတ် ပြန်မရရှိခဲ့ပေ။ စက်ရုံဘက်မှ အလုပ်နားခိုင်းသည့် ရက်များအတွက်လည်း ဥပဒေအရ ရရှိရမည့် ၇၅% လုပ်ခလစာကို ပေးေပးခဲ့ခြင်း မရှိပါ။

အဆိုပါ ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ အလုပ်သမားများက အကူအညီတောင်းခံလာသဖြင့် Workers Alliance Group (WAG) နှင့် Grassroots Development Foundation (FED) အဖွဲ့သားများသည် အလုပ်သမားများနှင့်အတူ မြို့နယ် စဝဒ်ဒီကန်ရုံးသို့ သွားရောက်ကာ တရားဝင် တိုင်ကြားစာ ပေးအပ်ခဲ့ကြသည်။

ထို့အပြင် ဘန်းဘိုအင်း မြို့နယ်အတွင်းရှိ စက်ရုံအများအပြားတွင် မြန်မာအလုပ်သမားများ၏ အခွင့်အရေးများ ချိုးဖောက်ခံနေရသည့်အတွက် တာဝန်ရှိသူများအနေဖြင့် အဆိုပါ စက်ရုံများသို့ ကွင်းဆင်း စစ်ဆေးပေးရန်လည်း WAG နှင့် FED တို့က တောင်းဆိုထားပါသည်။

Source;WAG