“America’s Got Talent” (AGT) ပြိုင်ပွဲကြီးတွင် ဒိုင်လူကြီး ၄ ဦးစလုံး၏ တခဲနက် ထောက်ခံချက် (Four Yeses) ရရှိခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းတွင် လူသိများလာသည့် ထိုင်းလူငယ်ဂီတပညာရှင်မလေး Nene Royal သည် ပြိုင်ပွဲနောက်တစ်ဆင့် ယှဉ်ပြိုင်ရန် အမေရိကန်သို့ မသွားမီ ဖူးခက်မြို့ရှိ နာခါစျေး (Naka Market) တွင် ၎င်း၏ OZONE တီးဝိုင်းနှင့်အတူ လာရောက်ဖျော်ဖြေရာ ပရိသတ်များ အုန်းအုန်းကျွက်ကျွက် လာရောက်အားပေးခဲ့ကြပါတယ်။
အသက် ၁၆ နှစ်ဝန်းကျင် (Grade 11) ရှိပြီဖြစ်သူ Nene (ခ) Rattikarn “Praew” Amloy ၏ AGT လူရွေးပွဲ ဗီဒီယိုမှာ လက်ရှိတွင် ကြည့်ရှုသူ ၇ သန်း (7 Million Views) ကျော်သွားခဲ့ပြီ ဖြစ်သည်။
ဖျော်ဖြေပွဲတွင် Nene တီးခတ်ခဲ့သည့် ဂစ်တာမှာ ဒိန်းမတ်နိုင်ငံသား ပရိသတ် Strit Bram က ၂၀၂၄ ခုနှစ်တွင် လက်ဆောင်ပေးခဲ့သည့် ရှေးဟောင်း vintage ဂစ်တာအမျိုးအစား Ibanez Musician Series MC300 ဖြစ်ပြီး ပရိသတ်များ အထူးစိတ်ဝင်စားခဲ့ကြသည်။ အဆိုပါ ဒိန်းမတ်ပရိသတ်သည် Nene အား ဒိန်းမတ်နိုင်ငံသို့ပါ သွားရောက်ဖျော်ဖြေရန် ဖိတ်ကြားခဲ့ဖူးသည်။
Nene သည် လက်ရှိတွင် ပုံမှန်ကျောင်းတက်ရင်း ဂစ်တာနှင့် အသံပိုင်းဆိုင်ရာကို နေ့စဉ် အပြင်းအထန် လေ့ကျင့်နေပြီး ကိုယ်တိုင်ရေးစပ်ထားသည့် အင်္ဂလိပ်သီချင်း ၃ ပုဒ်မှ ၄ ပုဒ်ခန့်ကို MV နှင့်တကွ ဖြန့်ချိရန် ပြင်ဆင်နေသည်။ ၎င်းသည် လာမည့် ဩဂုတ်လတွင် AGT ပြိုင်ပွဲအတွက် အမေရိကန်သို့ သွားရောက်ရမည်ဖြစ်သည်။
Nene ၏ဖခင်ဖြစ်သူ Narong Amloy ၏ ပြောကြားချက်အရ လက်ရှိတွင် ရုပ်သံလိုင်းများနှင့် မီဒီယာများစွာမှ ဆက်သွယ်လာသော်လည်း သမီးဖြစ်သူ၏ ပွဲကြိုလေ့ကျင့်မှု အချိန်ဇယားများကြောင့် အချို့ကို ငြင်းပယ်ထားရကြောင်း သိရသည်။ Nene ၏ ရှေ့ဆက်လှုပ်ရှားမှုများကို ၎င်းတို့၏ Facebook စာမျက်နှာဖြစ်သော OZONE Band FC နှင့် TikTok အကောင့်ဖြစ်သည့် Nene Royal တို့တွင် စောင့်မျှော်အားပေးနိုင်ပါသည်။
Source;Thaiger
