ချွန်ဘူရီရှိ မူကြိုကျောင်းအတွင်း ရဲအရာရှိက ဆရာမဖြစ်သူ ဇနီးအား သေနတ်ဖြင့် ပစ်သတ်၊ နေအိမ်တွင် ပုန်းအောင်းနေ၍ ရဲတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ထား

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) ခရိုင်၊ ဘန်းလမုန်း (Bang Lamung) မြို့နယ်ရှိ မူလတန်းနှင့် မူကြိုကျောင်းတစ်ကျောင်းအတွင်း စက်တင်ဘာ ၉ ရက် မနေ့နံနက်ပိုင်းက တာဝန်ကျ ရဲအရာရှိတစ်ဦးသည် ဆရာမဖြစ်သူ ဇနီးအား သေနတ်ဖြင့် လာရောက်ပစ်သတ်ခဲ့ပြီးနောက် မိမိနေအိမ်အတွင်း ပုန်းအောင်းနေသဖြင့် ရဲတပ်ဖွဲ့က ညနက်ပိုင်းအထိ ဝိုင်းဝန်းပိတ်ဆို့ ဖျောင်းဖျနေရကြောင်း သိရပါတယ်။

စက်တင်ဘာ ၉ ရက် နံနက် ၁၀:၃၀ နာရီခန့်တွင် နောင်ပလာလိုင် (Nong Pla Lai) ကျေးရွာအုပ်စုရှိ စေတနာ့ဝန်ထမ်း စာသင်ကျောင်း ထမင်းစားဆောင်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် ၄၈ နှစ်အရွယ် ဆရာမ ဒေါ် ပိုင်လင်း (Pailin Thongthat) ထမင်းစားဆောင်တွင် ရှိနေစဉ် ၎င်း၏ ခင်ပွန်းဖြစ်သူ ရဲအရာရှိ တာစာဖုန်း (Pol Sub Lt Tasapong Thongthat) က ကားဖြင့် ရောက်ရှိလာပြီး မည်သည့်စကားမျှ မပြောဘဲ သေနတ်ဖြင့် အနောက်မှ ကုပ်ပင်းအား ပစ်ခတ်ခဲ့သည်။ ထို့နောက် သေဆုံးသူအား ခဏရပ်ကြည့်ကာ ၂ မိနစ်အတွင်း ကားဖြင့် ပြန်လည်မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ကျောင်းအတွင်းရှိ လန့်ဖျက်နေသည့် မူကြိုကလေးငယ် ၄၄ ဦးနှင့် ဆရာ/ဆရာမ၊ ဝန်ထမ်း ၆ ဦးတို့အား စာသင်ခန်းများအတွင်း ခေတ္တပိတ်လှောင် ထိန်းသိမ်းထားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ ရောက်ရှိလာမှ ဘေးလွတ်ရာသို့ အရေးပေါ် ကယ်ထုတ်ပေးခဲ့ကာ ကျောင်းအား ချက်ချင်း ပိတ်လိုက်ရသည်။

သေနတ်သမား ရဲအရာရှိသည် အခင်းဖြစ်နေရာနှင့် ၃ ကီလိုမီတာခန့် ကွာဝေးသည့် Flower Park Villa 2 အိမ်ရာရှိ ၎င်း၏ နေအိမ်သို့ ပြန်လည် ပုန်းအောင်းနေခဲ့သည်။ ဘန်းလမုန်း မြို့မရဲစခန်းမှ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ အိမ်အား မီးဆိုင်းများ တပ်ဆင်ကာ ညနက်ပိုင်းအထိ ဝိုင်းဝန်းပိတ်ဆို့ထားပြီး လက်နက်ချ အကူအညီတောင်းခံရန် ညှိနှိုင်းနေဆဲဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်လည်းဖြစ်သည့် ၎င်းတို့၏ သားဖြစ်သူမှာ တောင်ပိုင်းမှတစ်ဆင့် အဖေဖြစ်သူအား လာရောက်ညှိနှိုင်းပေးရန် အမြန်ဆုံး ပြန်လာနေကြောင်း သိရသည်။ အဆိုပါ ဇနီးမောင်နှံမှာ လွန်ခဲ့သည့် ရက်ပိုင်းကမှ သားဖြစ်သူ၏ မင်္ဂလာဆောင်ပွဲသို့ တက်ရောက်ခဲ့ကြသေးသည်။

အဆိုပါ ဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင် တစ်လအတွင်း ကျောင်းအတွင်း စတင်ဖြစ်ပွားခဲ့သည့် ၃ ကြိမ်မြောက် သေနတ်ပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ပြီး၊ သြဂုတ် ၇ ရက်က နွန်သဘူရီကျောင်း၌ ၇ ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် စက်တင်ဘာ ၂ ရက်က ကမ်ဖဲင်ဖတ်ရှိ ၁၄ နှစ်အရွယ် ကျောင်းသားမှ သေနတ်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များ နောက်ဆက်တွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Source;Bangkok Post