ထိုင်းနိုင်ငံ၊ အယုဒ္ဓယ (Ayutthaya) ခရိုင်၊ ဘန်းဆိုင်း (Bang Sai) မြို့နယ်ရှိ ဧရိယာ ၃၀ ရိုင်ကျော် (၄.၈ ဟက်တာခန့်) ကျယ်ဝန်းသော Eco Latex ကုမ္ပဏီ၏ မွေ့ရာနှင့် ခေါင်းအုံး စက်ရုံတွင် စက်တင်ဘာ ၉ ရက် မနေ့ညပိုင်းက အပြင်းအထန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ပင်မ ဂိုဒေါင်တစ်ခုလုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၉ ရက် ည ၁၀ နာရီခန့်တွင် ဘန်းဆိုင်း မြို့မရဲစခန်းသို့ Eco Latex မွေ့ရာစက်ရုံ မီးလောင်မှု သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ အယုဒ္ဓယနှင့် အိမ်နီးချင်း ခရိုင်များမှ မီးသတ်ကားများ၊ အရေးပေါ် ကူညီရေး အဖွဲ့များ အမြန်ဆုံး လာရောက် ငြှိမ်းသတ်ခဲ့ရသည်။
စက်ရုံလုံခြုံရေး ဝန်ထမ်း၏ ထွက်ဆိုချက်အရ မီးမှာ စက်ရုံနောက်ဘေးရှိ စွန့်ပစ်ဖော့အပျက်အစီးများ ပုံထားသည့် နေရာမှ စတင်လောင်ကျွမ်းခဲ့ပြီး၊ အနီးရှိ ဖော့တုံးများနှင့် အထည်များဆီသို့ လျှင်မြန်စွာ ကူးစက်သွားခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် စက်ရုံအတွင်း အလုပ်သမားများ မရှိကြပေ။
မီးခိုးနက်ကြီးများ မိုးပေါ်သို့ လွင့်တက်ခဲ့ပြီး စက်ရုံနောက်ဘေးတွင် လူနေအိမ်များ ရှိနေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါ အိမ်များဆီသို့ မီးကူးစက်မှု မရှိစေရန် အထူး အာရုံစိုက် ငြှိမ်းသတ်ခဲ့ရသည်။ မီးကို ထိန်းချုပ်ရန် ၃ နာရီကျော်ကြာ မြှုပ်နှံခဲ့ရသည်။
မီးလောင်မှုကြောင့် ပင်မ ဂိုဒေါင်ကြီး ပျက်စီးပြိုကျသွားခဲ့သည့်အပြင် ဘေးရှိ ဂိုဒေါင်ငယ် တစ်ခု၊ ကုန်တင်ကား ၄ စီး၊ ကုန်ကြမ်းများ၊ မွေ့ရာနှင့် ခေါင်းအုံး အစိတ်အပိုင်းများနှင့် စက်ရုံအတွင်းရှိ စက်ပစ္စည်း အားလုံး ပြာကျသွားခဲ့သည်။
ဂိုဒေါင်အလယ်ပိုင်း စက်ရုံသုံး ဓာတုပစ္စည်းများ သိုလှောင်ရာ နေရာတွင် မီးစွဲနေဆဲဖြစ်၍ မီးသတ်ရေမြှုပ်များ (Firefighting Foam) အသုံးပြုကာ ဆက်လက် ငြှိမ်းသတ်နေရသည်။
အဆိုပါ စက်ရုံသည် ယခင်ကလည်း ၂ ကြိမ်တိုင်တိုင် မီးလောင်မှု ဖြစ်ပွားခဲ့ဖူးသော်လည်း ယခုအကြိမ်မှာ ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်စဉ် ဖြစ်လာခဲ့သည်။
စဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ပါးရေး ဦးစီးဌာနက မီးပြန်လည် မလောင်ကျွမ်းစေရန် ရေနှင့် မီးသတ်မြှုပ်များ ဆက်လက် ပက်ဖျန်းနေပြီး၊ အပျက်အစီးများ အောက်တွင် မီးခိုးကြွင်းများ ပုန်းကွယ်နေသည်များကို မြေတူးစက်များဖြင့် တူးဖော်ကာ စနစ်တကျ ငြှိမ်းသတ်လျက် ရှိသည်။
Source;The Nation
