ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chonburi) ခရိုင်၊ နောင်းယိုင်မြို့နယ်ရှိ အဲကွန်းအသေးစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာ MOU အလုပ်သမား ၁၁ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရသည့် အမှုအား WAG မဟာမိတ်အဖွဲ့နှင့် FED ဖောင်ဒေးရှင်းတို့က ကူညီဆောင်ရွက်ပေးခဲ့ရာ စက်တင်ဘာ ၁ ရက်နေ့တွင် နစ်နာကြေးများ ရရှိခဲ့ကြောင်း သိရပါတယ်ဗျာ။
လုပ်သက် ၅ လမှ ၆ လခန့်ရှိပြီဖြစ်သော မြန်မာ MOU အလုပ်သမား ကျား ၈ ဦး၊ မ ၃ ဦး (စုစုပေါင်း ၁၁ ဦး) အား ဧပြီ ၉ ရက်နေ့က အေဂျင်စီလိုင်းဂရုမှတစ်ဆင့် ဧပြီ ၁၁ ရက်နေ့တွင် အလုပ်နောက်ဆုံးဆင်းရမည်ဟု အကြောင်းပြချက် မမှန်ကန်ဘဲ စက်ရုံဘက်က အလုပ်ထုတ်ပယ်ခဲ့သည်။
အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲကြုံတွေ့ခဲ့ရသဖြင့် အလုပ်ရွှေ့ပြောင်းခွင့် (ကျန့်အော်) စာရွက်နှင့် လုပ်အားခ၊ နစ်နာကြေးများ ရရှိရေး WAG အဖွဲ့နှင့် FED Foundation တို့က သက်ဆိုင်ရာ မြို့နယ် အလုပ်သမားကာကွယ်ရေးနှင့် သက်သာချောင်ချိရေးရုံး (စဝဒ်ဒီကန်) ၌ သွားရောက် တိုင်ကြားပေးခဲ့သည်။
စက်တင်ဘာ ၁ ရက်နေ့တွင် အလုပ်ရှင်ဘက်က အလုပ်သမား ၁၀ ဦး၏ ဘဏ်အကောင့်များသို့ တစ်ဦးလျှင် နစ်နာကြေး ဘတ် ၁၂,၀၀၀ စီ လွှဲပေးခဲ့သည်။ ကျန်အလုပ်သမား ၁ ဦး၏ ဘဏ်အကောင့်သို့ ၁,၉၆၀ ဘတ် သာ ဝင်ရောက်ခဲ့သဖြင့် ယင်းတစ်ဦးအတွက် ဆက်လက် ဖြေရှင်းပေးသွားမည် ဖြစ်သည်။
နစ်နာကြေးရရှိခဲ့သည့် ၁၀ ဦးအနက် ၈ ဦးမှာ တိုင်ကြားထားသည့် အမှုကို လာရောက် ပိတ်သိမ်းပြီးဖြစ်သော်လည်း ကျန်ရှိနေသည့် အလုပ်သမား ၂ ဦးမှာ အမှု လာမပိတ်သေးပေ။ ယင်းသို့ အမှုမပိတ်ပါက အလုပ်ရှင်ဘက်မှ ပြန်လည် တရားစွဲဆိုခြင်း ခံရနိုင်သဖြင့် အဆိုပါ ၂ ဦးအနေဖြင့် သက်ဆိုင်ရာရုံးသို့ အမြန်ဆုံး လာရောက်၍ အမှုလာပိတ်ပေးပါရန် တိုက်တွန်းထားသည်။
Source;WAG
