ထိုင်းနိုင်ငံ၊ စမုပရာကန် (Samut Prakan) မြို့နယ်ရှိ မီးကြိုးစက်ရုံတစ်ရုံ ပိတ်သိမ်းလိုက်သဖြင့် လုပ်သက် ၅ နှစ်မှ ၆ နှစ်ကျော်ရှိပြီဖြစ်သော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂၉ ဦး နစ်နာကြေး မရရှိသည့်အတွက် ရသင့်ရထိုက်သည့် နစ်နာကြေးများ ပြန်လည်ရရှိရန် WAG နှင့် FED အဖွဲ့တို့က သက်ဆိုင်ရာ အလုပ်သမားကာကွယ်ရေးရုံး (စဝဒ်ဒီကန်) သို့ သွားရောက်တိုင်ကြားပေးခဲ့ကြောင်း သိရပါတယ်ဗျာ။
အဆိုပါ စက်ရုံတွင် CI စာအုပ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ကျား ၂၅ ဦး၊ မ ၁၀၄ ဦး (စုစုပေါင်း ၁၂၉ ဦး) လုပ်ကိုင်နေကြပြီး လုပ်သက် ၅ နှစ်မှ ၆ နှစ်ကျော်အထိ ရှိပြီဖြစ်သည်။
အလုပ်ရှင်ဘက်မှ စက်ရုံပိတ်သိမ်းမည်ဖြစ်ကြောင်း ၁ လ ကြိုတင် အကြောင်းကြားခဲ့ပြီး အလုပ်သမားများကို သက်ဆိုင်ရာ ၅ သန်းအေဂျင်စီထံ ပြန်လည်အပ်နှံခဲ့သည်။ ထို့နောက် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့လယ် ၁၂:၅၁ နာရီအချိန်တွင် စက်ရုံ ဒေဝါလီခံ၍ တရားဝင် ပိတ်သိမ်းခဲ့သည်။
အေဂျင်စီဘက်မှ အလုပ်သမားများ၏ လုပ်သက်အရ ရသင့်ရထိုက်သော နစ်နာကြေးများကို ပေးအပ်ခြင်းမရှိသည့်အတွက် အလုပ်သမားများက WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြသည်။
အလုပ်သမားများ၏ အခွင့်အရေးနှင့် ထိုင်းအလုပ်သမားဥပဒေအရ ရသင့်ရထိုက်သည့် နစ်နာကြေး ခံစားခွင့်များ ပြန်လည်ရရှိရေးအတွက် WAG အဖွဲ့သားများနှင့် FED Foundation အဖွဲ့သားများ ပူးပေါင်း၍ အလုပ်သမားများကို ခေါ်ဆောင်ကာ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက် နေ့တွင် စမုပရာကန်မြို့နယ် အလုပ်သမားကာကွယ်ရေးနှင့် သက်သာချောင်ချိရေးရုံး (စဝဒ်ဒီကန်ရုံး) သို့ သွားရောက်ကာ တာဝန်ရှိသူများထံ တရားဝင် တိုင်ကြားစာ ပေးအပ်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
Source;WAG
