တရုတ်ကုန်ပစ္စည်းများအား ‘Made in Thailand’ တံဆိပ်တုကပ် တင်ပို့ရန် ကြံစည်မှုကို ဖမ်းဆီး 

ထိုင်းနိုင်ငံ၏ အဓိက သင်္ဘောဆိပ်တစ်ခုဖြစ်သည့် ချွန်ဘူရီခရိုင် (Chon Buri) လေမ်ချဘန်းဆိပ်ကမ်း (Laem Chabang Port) တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသော ဘတ် ၁၀၁ သန်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများကို ‘Made in Thailand’ ဟု အတုပြုလုပ်ကာ အခြားနိုင်ငံများသို့ ပြန်လည်တင်ပို့ရန် ကြံစည်မှုကို ထိုင်းကောက်သင်းဌာနနှင့် နိုင်ငံခြားကုန်သွယ်ရေးဌာနတို့ ပူးပေါင်း၍ ဝင်ရောက်ဖမ်းဆီး သိမ်းဆည်းခဲ့သည်။

တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို တင်သွင်းပြီး ထိုင်းနိုင်ငံထုတ်အဖြစ် တံဆိပ်ပြောင်းကာ နိုင်ငံတကာဈေးကွက်သို့ တင်ပို့၍ အခွန်ကင်းလွတ်ခွင့်နှင့် ကုန်သွယ်ရေး အခွင့်အရေးများကို မသမာသောနည်းဖြင့် ရယူရန် ကြံစည်နေသည့် သတင်းအရ အကောက်ခွန်နှင့် နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ်တို့ ကိုယ်တိုင် ဆိပ်ကမ်း အခမဲ့ဇုန် (Free Zone) အတွင်း သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ‘TWOMOON’ အမျိုးအစား စီးကရက်ဘူးပေါင်း ၅.၃၇ သန်းကို ဖမ်းဆီးရမိခဲ့ပြီး၊ အဆိုပါ စီးကရက် ဘူးများပေါ်တွင် ‘Made in Thailand’ ဟု ရိုက်နှိပ်ထားသည်။ အောက်ခြေစီးပွားရေး ထိခိုက်နစ်နာမှု ဘတ် ၁၇ သန်းခန့် ရှိသည်။

စက်ရုံသုံး ဓားနှင့် ဓားသွား အစုံပေါင်း ၂၀၂,၀၀၀ ကို အပိုပစ္စည်းအဖြစ် လိမ်လည်ကြေညာ တင်သွင်းလာသော်လည်း အမှန်တကယ်တွင် အဆင်သင့်သုံး ပစ္စည်းများဖြစ်နေပြီး ‘Made in Thailand’ ဟု တံဆိပ်ရိုက်ထားသည်ကို တွေ့ရှိရသည်။ စီးပွားရေး ထိခိုက်နစ်နာမှု ဘတ် ၈၄.၂၇ သန်းခန့် ရှိသည်။

အဆိုပါ လုပ်ရပ်သည် ထိုင်းနိုင်ငံ၏ ၂၀၁၇ အကောက်ခွန်ဥပဒေ၊ ကုန်ပစ္စည်းမူရင်းဒေသ လိမ်လည်ဖော်ပြမှု တားမြစ်ဥပဒေနှင့် ကုန်စည် တင်သွင်း/တင်ပို့မှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သဖြင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ထိုင်းအာဏာပိုင်များက အတည်ပြုထားသည်။

ထိုင်းနိုင်ငံ၏ ထုတ်ကုန်ဆိုင်ရာ ဂုဏ်သိက္ခာနှင့် နိုင်ငံတကာ ကုန်သွယ်ရေး ယုံကြည်မှုကို ထိခိုက်စေသည့် ထိုသို့သော မသမာမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် စစ်ဆေးနှိမ်နင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Source;ThaiPBSWorld