ဖူးခက်၊ ဇူလိုင် ၂၁ (၂၀၂၆) – ထိုင်းနိုင်ငံ ဖူးခက်ခရိုင်ရှိ နာမည်ကြီး ကာတာကမ်းခြေ (Kata Beach) တွင် တရားမဝင် နိုင်ငံခြားသား လုပ်သားများ ခန့်ထားမှု ရှိမရှိ လဝက ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် ဆေးခြောက်ဆိုင် ၂ ဆိုင်မှ မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘတ် ၅ သိန်းကျော် တန်ဖိုးရှိ ဆေးခြောက်ထုတ်ကုန်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Immigration Division 6 မှ စုံစမ်းစစ်ဆေးရေးအရာရှိများသည် သတင်းအချက်အလက်အရ ကာတာကမ်းခြေရှိ ဆေးခြောက်ဆိုင်များကို ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာလုပ်သား ၁ ဦးနှင့်အတူ စာရွက်စာတမ်း အထောက်အထား မပြည့်စုံသည့် ဘတ် ၅ သိန်းကျော်ဖိုးရှိ ဆေးခြောက်များကို သိမ်းဆည်းခဲ့သည်။
ထိုင်းနိုင်ငံသား နိုမီနီ (Nominee) အမည်ခံကာ ပိုင်ဆိုင်မှုကို ကွယ်ဝှက်ထားသည့် ထိုင်း သို့မဟုတ် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင် အစစ်အမှန်များကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများကို ဆက်လက် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။
အဆိုပါ ဆေးခြောက်ဆိုင်များအနေဖြင့် သက်ဆိုင်ရာ ဌာနများ၏ တရားဝင် လုပ်ငန်းလိုင်စင်များ ရရှိထားခြင်း ရှိ/မရှိကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းစစ်ဆေးသွားမည် ဖြစ်သည်။
ယခု စစ်ဆင်ရေးသည် တရားမဝင် အလုပ်လုပ်နေသော နိုင်ငံခြားသားများ၊ နိုင်ငံဖြတ်ကျော် ဇာတ်ရှုပ်များနှင့် ဥပဒေကို ရှောင်လွှဲရန် နိုမီနီအသုံးပြုသည့် စီးပွားရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် နှိမ်နင်းသည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ရဲတပ်ဖွဲ့ဘက်မှ ဖမ်းဆီးရမိသူ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်နေသည့် ဆေးခြောက်ဆိုင်များ၏ အမည်များကိုမူ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
Source;Phuket News
