လာအိုနိုင်ငံရှိ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသည့် လိုဏ်ဂူတစ်ခုအတွင်းမှ လာအိုအလုပ်သမား ၇ ဦးအနက် ပထမဆုံး အလုပ်သမားတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့က ဘေးကင်းလုံခြုံစွာဖြင့် အပြင်သို့ ပြန်လည်ခေါ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထိုင်းကယ်ဆယ်ရေးရေငုပ်သမားအဖွဲ့ (Thailand Rescue Diver) ၏ မေလ ၂၉ ရက် (သောကြာနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။
ရွှေတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် လာအိုနိုင်ငံ ဆိုင်စမ်ဘွန်းပြည်နယ် (Xaysomboun)၊ လောင်ချန်းမြို့နယ်ရှိ လောင်တိုင် (Long Tieng) လျှိုမြောင်အနီးမှ လိုဏ်ဂူတစ်ခုအတွင်းသို့ လာအိုအလုပ်သမား ၇ ဦး ဝင်ရောက်သွားခဲ့ရာမှ မေလ ၁၉ ရက်နေ့ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးကာ လိုဏ်ဂူဝိတ်ပိတ်ပြီး ပိတ်မိခဲ့ခြင်းဖြစ်သည်။
ပိတ်မိနေပြီး ၈ ရက်အကြာ မေလ ၂၇ ရက်တွင် ထိုင်းကယ်ဆယ်ရေးအဖွဲ့က ဂူအတွင်း၌ စုစုပေါင်း အလုပ်သမား ၅ ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့အားလုံးမှာ ရက်ပေါင်းများစွာ ပိတ်မိနေသဖြင့် ဆာလောင်မွတ်သိပ်ပြီး အားအင်ချိနဲ့နေသော်လည်း ပြင်းထန်သော ရောဂါဝေဒနာ ခံစားရခြင်းမရှိဘဲ ဘေးကင်းစွာ ရှိနေခဲ့ကြသည်။
ကာလာဆင် (Kalasin) အခြေစိုက် မတ်တာသမ် ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်၏ အဆိုအရ တွေ့ရှိထားသည့် ၅ ဦးအနက် ပထမဆုံးတစ်ဦးကို လိုဏ်ဂူဥမင်လိုဏ်ခေါင်းအတွင်းမှ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ကျန်ရှိသည့် ၄ ဦးကိုမူ ဂူအပြင်သို့ ဆက်လက်ခေါ်ထုတ်ရန် ကျန်းမာရေးအခြေအနေအား ထပ်မံဆန်းစစ်နေသည်။
ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် လိုဏ်ဂူအတွင်း ကျန်ရှိနေသေးသည့် အလုပ်သမား ၄ ဦးကို ဘေးကင်းစွာ အပြင်သို့ ရွှေ့ပြောင်းနိုင်ရန် အဓိကအာရုံစိုက် လုပ်ဆောင်နေပါတယ်ဗျာ။ ထို့ပြင် လက်ရှိအချိန်ထိ ဂူအတွင်း ပျောက်ဆုံးနေဆဲဖြစ်သော ကျန်ရှိသည့် အလုပ်သမား ၂ ဦးကို ရှာဖွေရေးလုပ်ငန်းစဉ်များကို မေလ ၃၀ ရက် (စနေနေ့) တွင် ဆက်လက်ပြီး အရှိန်အဟုန်မြှင့် ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။
Source;The Nation
