ဘန်ကောက်၊ ဩဂုတ် ၆ (၂၀၂၆) – ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လုပ်သားစီမံခန့်ခွဲမှု အဆင့်မြှင့်တင်ရန်၊ တရားဝင်နှင့် ဘေးကင်းလုံခြုံသော လုပ်သားရွှေ့ပြောင်းသွားလာမှုကို မြှင့်တင်ရန်နှင့် အခွင့်အရေးများ အပြည့်အဝ ကာကွယ်ပေးနိုင်ရန်အတွက် နှစ်နိုင်ငံ လုပ်သားရေးရာ နားလည်မှုစာချွန်လွှာ (MoU) နှင့် လုပ်သားငှားရမ်းခြင်းဆိုင်ရာ သဘောတူညီချက်များ လဲလှယ်သည့် အခမ်းအနားကို ဘန်ကောက်မြို့ရှိ အစိုးရအဖွဲ့ရုံး ၌ ကျင်းပခဲ့ပါတယ်။
ဩဂုတ်လ ၆ ရက် နံနက် ၁၁:၀၀ နာရီတွင် ဘန်ကောက်မြို့၊ အစိုးရအဖွဲ့ရုံး Santi Maitri Building ၌ ကျင်းပခဲ့သည်။
ထိုင်းနိုင်ငံ လုပ်သားရေးရာဝန်ကြီး စွန်လဖန် အမွန်ဝိဝတ် (Julapun Amornvivat) နှင့် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးတို့က လဲလှယ် လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်၊ မြန်မာအစိုးရ ခေါင်းဆောင်များနှင့် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ အသီးသီး တက်ရောက်ခဲ့ကြသည်။
အလုပ်ခန့်ထားရေး၊ အလုပ်လုပ်ခွင့် ကတ် (Work Permit) ထုတ်ပေးရေး၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးနှင့် လုပ်ငန်းခွင် ပြီးဆုံးချိန် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးတို့အတွက် ပိုမိုရှင်းလင်းသော မူဘောင်များ သတ်မှတ်ခဲ့သည်။ ယင်းသည် တရားမဝင် ခိုးဝင်မှု၊ လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှုနှင့် ခေါင်းပုံဖြတ်မှုများကို လျှော့ချပေးနိုင်မည်ဖြစ်သည်။
အလုပ်အကိုင် ဈေးကွက်အချက်အလက်များ ဖလှယ်ခြင်း၊ အလုပ်သမားများ၏ ကျွမ်းကျင်မှု ပညာရပ်များ တိုးမြှင့်ပေးခြင်းနှင့် နှစ်နိုင်ငံ ပူးပေါင်းလုပ်ငန်းအဖွဲ့ (Joint Working Group) မှတစ်ဆင့် စီမံခန့်ခွဲမှု ထိရောက်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးသည့် စင်တာများကို ပိုမိုထိရောက်အောင် ဆောင်ရွက်မည်ဖြစ်သည်။
အီလက်ထရွန်နစ် အလုပ်လုပ်ခွင့်ကတ် (E-Work Permit) စနစ်၊ အွန်လိုင်းမှတစ်ဆင့် အလုပ်သမား မှတ်ပုံတင်ခြင်းနှင့် လူမှုဖူလုံရေး အခွင့်အရေးများ ပိုမိုရရှိစေရန် လုပ်ဆောင်မည်ဖြစ်သည်။
မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသည့် အလုပ်သမားများအတွက် လူမှုဖူလုံရေး ခံစားခွင့်များနှင့် ပင်စင်ငွေများကို မိခင်နိုင်ငံသို့ လွှဲပြောင်းရယူနိုင်ရေး ထပ်မံလေ့လာ၍ နောက်ဆက်တွဲ သဘောတူညီချက်များ ပြုလုပ်သွားမည်ဖြစ်သည်။
Source;MOL
