ပြီးခဲ့သည့် မတ်လအတွင်း အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများအကြား ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် အကြမ်းဖက်တိုက်ခိုက်ခြင်း ခံခဲ့ရသည့် Mayuree Naree ထိုင်းကုန်တင်သင်္ဘောမှ လွတ်မြောက်လာသူ သင်္ဘောသားဟောင်း ၃ ဦးသည် လုံလောက်သော နစ်နာကြေးနှင့် ဆေးဝါးကုသမှုဆိုင်ရာ ထောက်ပံ့မှုများ မရရှိဘဲ မတရားအလုပ်ထုတ်ခံခဲ့ရသဖြင့် ယနေ့ (ဇူလိုင် ၁၀ ရက်) တွင် ၎င်းတို့၏ အလုပ်ရှင်ကုမ္ပဏီကို ဗဟိုအလုပ်သမားတရားရုံး၌ တရားဝင် တရားစွဲဆိုလိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းစဉ် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ သတိပေးချက်ကို သင်္ဘောက လျစ်လျူရှုခဲ့သဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသား ၃ ဦး သေဆုံးခဲ့သည်။ ကုမ္ပဏီသည် လုံခြုံရေးသတိပေးချက်များ ရှိနေပါလျက်နှင့် ခရီးစဉ်ကို ဆက်လက်မောင်းနှင်စေခဲ့၍ ယခုကဲ့သို့ အသက်အန္တရာယ် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ရှေ့နေဖြစ်သူက ထွက်ဆိုထားသည်။
လွတ်မြောက်လာသည့် သင်္ဘောသားများသည် ဖြစ်စဉ်ကြောင့် စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှုဝေဒနာ (PTSD) ခံစားနေရပြီး ဆူညံသံများ ကြားရပါက ထိတ်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်းများဖြစ်ကာ ပုံမှန်အတိုင်း နေ့စဉ်ဘဝကို မဖြတ်သန်းနိုင်တော့သလို ပင်လယ်ပြင်တွင်လည်း အလုပ်ပြန်မလုပ်နိုင်တော့ပေ။
အလုပ်ရှင်ကုမ္ပဏီ (Precious Shipping အပါအဝင် ၄ ခု) သည် သင်္ဘောသားများကို ၉ လစာ အလုပ်ခန့်ထားသည့် သဘောတူစာချုပ်ချုပ်ဆိုထားသော်လည်း ပြီးခဲ့သည့် ဧပြီလတွင် ၎င်းတို့အား စိတ်ဒဏ်ရာ ကုသရန်အတွက်ဟု အကြောင်းပြကာ ၂ လစာသာ ပေးချေပြီး အလုပ်မှ ချက်ချင်းရပ်စဲ (Dismissed) ခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီနှင့် ညှိနှိုင်းမှုများ အဆင်မပြေဖြစ်ပြီးနောက် တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဗဟိုအလုပ်သမားတရားရုံးသည် သင်္ဘောသားများ၏ တိုင်ကြားချက်ကို လက်ခံလိုက်ပြီဖြစ်ပြီး၊ ကုမ္ပဏီဘက်က ပေးလျော်ရမည့် ရေရှည်ဆေးဝါးကုသစရိတ်များနှင့် ထိုက်တန်သော နစ်နာကြေးပမာဏကို သတ်မှတ်နိုင်ရန်အတွက် လာမည့် စက်တင်ဘာလ ၂၈ ရက်၊ နံနက် ၉ နာရီ တွင် နှစ်ဖက်လုံးကို ကြားနာစစ်ဆေးရန် ချိန်းဆိုထားသည်။
Source;Thaiger
