တောမီးဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းကတည်းက Ban Na Krachong ရွာဘက်ကနေ စတင်ကူးစက်လာခဲ့တာဖြစ်ပြီး ညဘက်မှာတော့ Ban Mai Ngae ရွာရှိ လူနေအိမ်တွေနဲ့ တောင်တန်းတွေဆီအထိ ရောက်ရှိလာခဲ့ပါတယ်။
တောမီးဟာ မယ်ဟောင်ဆောင်ခရိုင်၊ ပန်းမူး (Pang Moo) တိုက်နယ်ရှိ Ban Mai Ngae ရွာ မြောက်ဘက်တောင်တန်းတွေအထိ ပြန့်နှံ့လာပြီး အစိုးရဝန်ထမ်းအိမ်ရာတွေနဲ့ စစ်တပ်စခန်း (Military Camp) တစ်ခုကိုပါ ခြိမ်းခြောက်နေပါတယ်။ ညဘက်ဖြစ်နေတာအပြင် တောင်တန်းတွေက အလွန်မတ်စောက်ပြီး လူသူမကပ်နိုင်တဲ့ နေရာတွေဖြစ်နေတာကြောင့် မီးသတ်သမားတွေအနေနဲ့ မီးကို ထိန်းချုပ်ဖို့ အလွန်ခက်ခဲခဲ့ပါတယ်။
“Fire Hawks” လို့ လူသိများတဲ့ တောမီးထိန်းချုပ်ရေးအဖွဲ့တွေ၊ သစ်တောကာကွယ်ရေးယူနစ်တွေ၊ စစ်တပ်နဲ့ ဒေသခံရွာသားတွေ စုပေါင်းပြီး တစ်ညလုံး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရပါတယ်။ ပုံမှန်အားဖြင့် သစ်တောယူနစ်တွေဟာ ဂြိုဟ်တုကနေ တွေ့ရှိတဲ့ မီးလောင်ရာနေရာ (Hotspots) တွေကိုပဲ သွားရောက်ငြှိမ်းသတ်လေ့ရှိပေမဲ့ အခုအခါမှာတော့ လူနေအိမ်တွေနဲ့ နီးစပ်လာတာကြောင့် အဆိုပါနေရာတွေကို အရေးပေါ် ပြောင်းလဲကူညီနေရပါတယ်။
ယနေ့ ဧပြီလ ၂၃ ရက် မနက်ပိုင်းမှာတော့ မီးသတ်အဖွဲ့တွေကို ထပ်မံစေလွှတ်ထားပြီး နေ့အလင်းရောင်ရချိန်မှာတော့ လမ်းကြောင်းတွေ ပိုမိုမြင်သာလာတာကြောင့် မီးကို ထိန်းချုပ်နိုင်တော့မယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။
Source;Khaosod English
