ဘတ် ၃၀၀ တန် တစ်ပတ်ရစ်အိတ်ထဲမှ ဘတ် ၁ သန်းကျော်တန်ဖိုးရှိ ရွှေအစစ်များ ထွက်ပေါ်လာ

ထိုင်းနိုင်ငံမှာ ဘတ် ၃၀၀ နဲ့ ဝယ်ယူခဲ့တဲ့ တစ်ပတ်ရစ်အိတ်ဟောင်းတစ်ခုအတွင်းကနေ ဘတ် ၁ သန်းကျော် တန်ဖိုးရှိတဲ့ ရွှေအစစ်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ဖြစ်ရပ်တစ်ခု လူမှုကွန်ရက်မှာ အတော်လေး ရေပန်းစားနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က “Wit Lat Krabang Gold Shop” အမည်ရ ရွှေဆိုင်က ဗီဒီယိုတစ်ခု ထုတ်ပြန်ခဲ့ရာမှာ၊ ဝယ်ယူသူတစ်ဦးဟာ ဂျပန်တစ်ပတ်ရစ်ဂိုဒေါင်တစ်ခုကနေ ဝယ်ယူလာတဲ့ အိတ်ဟောင်းကို ဆိုင်မှာ လာရောက်စစ်ဆေးရာကနေ ယခုလို ထူးခြားစွာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဆိုင်မှာရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေက စက်ကိရိယာတွေနဲ့ သေချာစွာ စမ်းသပ်စစ်ဆေးခဲ့ရာမှာ အဆိုပါပစ္စည်းဟာ ၁၈ ကာရက် (K18) ရွှေအစစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

၎င်းရွှေထည်တွေကို အရည်ကျိုပြီး တန်ဖိုးဖြတ်ကြည့်ရာမှာတော့ စုစုပေါင်းတန်ဖိုးဟာ ဘတ် ၁ သန်းကျော်အထိ ရှိနေတာကြောင့် ဝယ်ယူသူနဲ့ ဆိုင်ဝန်ထမ်းတွေအားလုံး အံ့အားသင့်ခဲ့ကြရပါတယ်။ သို့သော်လည်း အွန်လိုင်းအသုံးပြုသူအချို့ကတော့ တစ်ပတ်ရစ်ဂိုဒေါင်တွေရဲ့ စနစ်တကျ ပစ္စည်းစစ်ဆေးမှုတွေကြားကနေ အခုလို တန်ဖိုးကြီးပစ္စည်းတွေ လွတ်ထွက်သွားဖို့ဆိုတာ ခဲယဉ်းကြောင်း ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ လက်ရှိမှာတော့ အဆိုပါဖြစ်ရပ်ဟာ တစ်ပတ်ရစ်ဈေးကွက်အတွင်း အလွန်တွေ့ရခဲတဲ့ ကံထူးမှုတစ်ခုအဖြစ် ဆက်လက်ဆွေးနွေးနေကြပါတယ်။

Source; Khaosod English