ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများ နာမည်ငှားဖြင့် မြေနှင့် စီးပွားရေး ပိုင်ဆိုင်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးအရေးယူမည်

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများက ထိုင်းနိုင်ငံသား နာမည်ငှား (Nominee) များ အသုံးပြု၍ တရားမဝင် စီးပွားရေး လုပ်ကိုင်ခြင်းနှင့် မြေကွက် အဆောက်အအုံများ ဝယ်ယူပိုင်ဆိုင်ထားမှုများကို တားဆီးနှိမ်နင်းရန်အတွက် ဝန်ကြီးချုပ် Anutin Charnvirakul က အဓိက အစီအမံ ၃ ချက်ပါဝင်သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးစစ်ဆင်ရေးကို အောက်တိုဘာ ၂၀ ရက် (တနင်္လာနေ့) တွင် စတင်လိုက်ပါတယ်။

အခွန်ရှောင်ခြင်းနှင့် ငွေကြေးခဝါချမှုများ အပါအဝင် ထိုင်းဥပဒေကို ချိုးဖောက်နေသော စီးပွားရေး လုပ်ငန်းများကို ဌာနပေါင်းစုံ ပူးပေါင်း၍ အမြစ်ပြတ် စစ်ဆေးဆောင်ရွက်မည်။

မသင်္ကာဖွယ် နာမည်ငှား (Nominee) ဖြင့် ဝယ်ယူထားသည့် လယ်ယာမြေ၊ မြေကွက်များနှင့် အဆောက်အအုံများကို အခြားသူများထံ အမြန် လွှဲပြောင်းမရစေရန် ပိတ်ပင်စစ်ဆေးပြီး၊ တရားမဝင် ရရှိထားသည့် ပိုင်ဆိုင်မှုများကို မဖြစ်မနေ ပြန်လည်ရောင်းချစေခြင်းများ ပြုလုပ်မည်။

ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ဒေသဆိုင်ရာ မြေယာအရာရှိများ၊ ရဲတပ်ဖွဲ့၊ အခွန်ဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့၏ အချက်အလက်များကို ပေါင်းစပ်၍ အစစ်အမှန် အကျိုးခံစားခွင့်ရှိသူ (Beneficial Owner) နှင့် အနောက်ကွယ်မှ ကွန်ရက်များကို ဖော်ထုတ်သွားမည်ဖြစ်သည်။

ဝန်ကြီးချုပ် Anutin က မည်သည့် ဩဇာအာဏာရှိသူ သို့မဟုတ် လာဘ်စားသော အရာရှိမျှ ဥပဒေ၏ အထက်တွင် မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး၊ မသမာသူများကို ထိရောက်စွာ တရားစွဲဆိုခြင်း၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။

ထို့အပြင် ယခုစစ်ဆင်ရေးသည် နာမည်ငှား မြေဝယ်ယူမှုများကိုသာမက နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု ဂိုဏ်းများကိုပါ ပူးတွဲ တိုက်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။

Source;ThaiPBS