ချွန်ဘူရီ (Chonburi) ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် Si Racha မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ညွှန်ကြားချက်အရ မြို့နယ်ကျန်းမာရေးဌာန၊ ပြည်နယ်စားသုံးသူကာကွယ်ရေးအဖွဲ့နှင့် ဘော်ဝင် (Bo Win) ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဘော်ဝင်မြို့နယ်၊ အကွက် (၃) ရှိ တရုတ်ကုန်စုံဆိုင်၊ တရုတ်စားသောက်ဆိုင်နှင့် ဆံပင်ညှပ်ဆိုင်ပေါင်း ၅၀ ခန့်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ၊ စည်းကမ်းဖောက်ဖျက်သည့် တရုတ်ဆိုင် ၄ ဆိုင်ကို ဖော်ထုတ်အရေးယူခဲ့ပါတယ်ဗျာ။
ပူးပေါင်းအဖွဲ့သည် တရုတ်စားသောက်ဆိုင် ၁၀ ဆိုင်ကို အသေးစိတ် ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ဆိုင် ၄ ဆိုင်တွင် ထိုင်းအစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံမှ တိုက်ရိုက်တင်သွင်းကာ တရားမဝင် ရောင်းချနေသည့် တရုတ်ဗူး၊ တရုတ်အချိုရည်နှင့် အစားအသောက်များကို သိမ်းဆည်းရမိခဲ့သည်။
-Lao Di Fang (เหล่าตี้ฟาง) ဆိုင်: တရားမဝင် သံဗူးသွတ်အချိုရည် ၆၂ ဗူး။
-Hunan Restaurant (มณฑณ หูหนาน): တရားမဝင် သံဗူးသွတ်အချိုရည် ၃၂ ဗူး။
-Man Xin Xuan (หม่าน ซิน เซวียน) ဆိုင်: တရားမဝင် သံဗူးသွတ်အချိုရည် ၁၂ ဗူး။
-Tiger Mala (ไทเกอร์ หม่าล่า) ဆိုင်: တရားမဝင် ပြုပြင်မွမ်းမံထားသော အစားအစာ ၆ ခွက်။
အဆိုပါဆိုင်များသည် ၁၉၇၉ ခုနှစ် အစားအသောက်ဆိုင်ရာ ဥပဒေပုဒ်မ ၆ (၁၀) အရ ထိုင်းဘာသာစကားဖြင့် ဖော်ပြရမည့် စားသောက်ကုန်ဆိုင်ရာ အချက်အလက်နှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ဖောက်ဖျက်သဖြင့် ပုဒ်မ ၅၁ အရ ဘတ် ၃၀,၀၀၀ ထက်မပိုသော ဒဏ်ငွေ ချမှတ်ခံရမည်ဖြစ်သည်။ အာဏာပိုင်များက အဆိုပါပစ္စည်းများကို ဆက်လက်မရောင်းချရန် တားမြစ်ပြီး ချက်ချင်းဖျက်ဆီးပစ်ရန် အမိန့်ပေးခဲ့သည်။
စားသောက်ဆိုင်ဖွင့်လှစ်ခွင့် လိုင်စင် (တရားဝင်ခွင့်ပြုချက်) မရှိဘဲ ဖွင့်လှစ်ထားသည့် တရုတ်ဆိုင် ၂ ဆိုင်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဘော်ဝင်အုပ်ချုပ်ရေးအဖွဲ့က လိုင်စင်မရမချင်း ဆိုင်ကို ချက်ချင်းပိတ်သိမ်းရန်အမိန့်ထုတ်ခဲ့သည်။
ဆိုင် ၁ ဆိုင်မှာ ဖွင့်လှစ်ရန် ပြင်ဆင်နေဆဲဖြစ်ပြီး၊ ၁ ဆိုင်မှာ ပိတ်ထားကာ၊ ကျန် ၂ ဆိုင်မှာမူ စည်းကမ်းချက်များနှင့်အညီ တရားဝင် လိုက်နာဖွင့်လှစ်ထားကြောင်း တွေ့ရှိရသည်။
သီရီရာချာမြို့နယ် ကျန်းမာရေးဌာနသည် ဒေသတွင်းရှိ စားသုံးသူများ ဘေးကင်းလုံခြုံစေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ကျန်ရှိနေသေးသည့် တရုတ်စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များကိုပါ ကွင်းဆင်းစစ်ဆေးရန် စီမံချက်များ ဆက်လက်ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်ဗျာ။
Source;ชลบุรี ฮอต รีพอท นิวส์
