ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ခွန်ကန် (Khon Kaen) ပြည်နယ်တွင် ဇူလိုင်လ ၂ ရက် (ယနေ့) နံနက်အစောပိုင်းက အရက်အလွန်အမင်းမူးနေသည့် အမျိုးသားတစ်ဦးသည် လီတာ ၅၀၀ ဆံ့ ရေလှောင်တိုင်ကီကြီးအတွင်းသို့ တက်ရောက်ကာ မတ်တတ်ရပ်လျက် အိပ်ပျော်နေခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းကယ်ထုတ်ခဲ့ရပါတယ်။
နံနက် ၆:၀၀ နာရီဝန်းကျင်တွင် ခွန်ကန်မြို့နယ်၊ ဖင်ဖဆွတ် (Phimphasut) လမ်းရှိ နေအိမ်တစ်အိမ်၏ နောက်ဘက်ရှိ ရေတိုင်ကီအတွင်း လူတစ်ဦး ရောက်ရှိနေကြောင်း ဒေသခံများက တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာခဲ့သည်။ ၎င်းတို့ရောက်ရှိချိန်တွင် အဆိုပါအမျိုးသားသည် ရေအပြည့်ရှိသော တိုင်ကီထဲတွင် ခေါင်းတစ်ခုသာ အပြင်သို့ ထွက်နေပြီး သတိလစ်မေ့မြောကာ အိပ်ပျော်နေခဲ့သည်။
ကယ်ဆယ်ရေးသမားများက ရေတိုင်ကီအတွင်းရှိ ရေများကို အရင်ဆုံးဖောက်ထုတ်ခဲ့ပြီးနောက်၊ တိုင်ကီကို ဘေးစောင်းလဲကာ သတိပြန်လည်လာသည့် အဆိုပါအမျိုးသားကို ဘေးကင်းလုံခြုံစွာ အပြင်သို့ တွဲခေါ်ခဲ့ရသည်။
စုံစမ်းချက်အရ အဆိုပါအမျိုးသားသည် ပါဆယ်ပို့ဆောင်ရေး (Delivery Rider) လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး၊ ညပိုင်းက ပါတီတစ်ခုတွင် အရက်အလွန်အမင်း သောက်စားခဲ့ကြောင်း သိရသည်။ ထို့နောက် လမ်းသွယ်ဝတွင် ဆိုင်ကယ်ရပ်ထားခဲ့ကာ အနီးရှိအိမ်ခြံစည်းရိုးကို ကျော်တက်ပြီး ရေတိုင်ကီအဖုံးကိုဖွင့်ကာ အထဲသို့ ဆင်းအိပ်နေခဲ့ခြင်း ဖြစ်သည်။
အိမ်ပိုင်ရှင်ဖြစ်သူ မွန်းတာကန် (Montakan) က ၎င်းကို တစ်ခါမျှမမြင်ဖူးကြောင်းနှင့် အကယ်၍ ရေတိုင်ကီထဲတွင် ဟန်ချက်ပျက်ကာ ရေနစ်သွားပါက အသက်အန္တရာယ်စိုးရိမ်ရသည့် ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်သွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
Source;Thaiger
