ထိုင်းနိုင်ငံ၊ ဂျွန်တီးယန်း မူးယစ်ဆေးဝါးအသိုက်အမြုံကို အင်အားသုံးစီးနင်း- အရောင်းသမား ၂ ဦးနဲ့ ဆေးသမား ၈၁ ဦးကို ထိုင်းအာဏာပိုင်တွေ ပိတ်ဆို့ဖမ်းဆီး

ချွန်ဘူရီပြည်နယ်၊ ဘန်လမွန် (Bang Lamung) ခရိုင်၊ ဂျွန်တီးယန်း (Jomtien) ကမ်းခြေဒေသရှိ လမ်းသွယ်များအတွင်း မူးယစ်ဆေးဝါး အရောင်းအဝယ်နှင့် စုဖွဲ့သုံးစွဲမှုများ အလွန်ဆိုးရွားနေကြောင်း ပြည်သူများ၏ တိုင်ကြားချက်အရ ဇူလိုင်လ ၁၃ ရက် (မနေ့က) တွင် ခရိုင်အာဏာပိုင်များက အင်အားသုံးကာ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။

ဘန်လမွန်ခရိုင်ရှိ ဂျွန်တီးယန်း လမ်းသွယ် ၂ နှင့် ၃အတွင်းသို့ မူးယစ်ဆေးဝါး ဝယ်ယူရန် မော်တော်ဆိုင်ကယ်၊ ကားများဖြင့် တစ်နေ့ပတ်လုံး ဝင်ထွက်သွားလာနေကြောင်း စုံစမ်းသိရှိရပြီးနောက် ရဲတပ်ဖွဲ့နှင့် အရာရှိများက စစ်ကြောင်းခွဲကာ ပတ်ပတ်လည် ပိတ်ဆို့စီးနင်းခဲ့သည်။

စီးနင်းမှုစတင်ချိန်တွင် သံသယရှိသူ အများအပြားသည် လမ်းကြောင်းမျိုးစုံဖြင့် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြပြီး အချို့မှာ လမ်းကျွမ်းကျင်မှုကြောင့် လွတ်မြောက်သွားသော်လည်း၊ အများစုမှာ ထွက်ပေါက်များ၌ စောင့်ဆိုင်းနေသော အရာရှိများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ပထမဆုံး ဖမ်းဆီးရမိသူမှာ အသက် ၂၁ နှစ်အရွယ် ဝါရန်ယူ (Waranyu Wongsaeng) ဖြစ်ပြီး ၎င်းထံမှ စိတ်ကြွဆေးပြား ၆၆ ပြားနှင့် အိုက်စ် (Crystal meth) ၃.၅ ဂရမ်ကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် ၎င်း၏အခန်းအတွင်း ရှာဖွေရာ ဖမ်းဆီးခံရမည်စိုး၍ လွှင့်ပစ်ထားသည့် စိတ်ကြွဆေးပြား ၄၂ ပြားကိုလည်း ထပ်မံတွေ့ရှိခဲ့ရသည်။

အာဏာပိုင်များသည် ဂျွန်တီးယန်း လမ်းသွယ် ၂ နှင့် ၃ ရှိ အဆောက်အအုံများနှင့် အခန်းပေါင်းများစွာကို ဆက်လက်ပိုက်စိပ်တိုက် ရှာဖွေခဲ့ရာ နေရာအနှံ့တွင် ပရိုဂရမ်သုံး ပစ္စည်းကိရိယာများနှင့်အတူ အမျိုးသား၊ အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူ အများအပြားကို တွေ့ရှိခဲ့ရသည်။ ယခု စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါး ရောင်းချသူဟု သံသယရှိသူ ၂ ဦး ကို ဖမ်းဆီးနိုင်ခဲ့သည်။

မူးယစ်ဆေးဝါး ဆီးဆေးစစ်ချက် တွင် ဆေးသုံးစွဲကြောင်း ထွက်ရှိသည့် သုံးစွဲသူ စုစုပေါင်း ၈၁ ဦး ကို ဖမ်းဆီးထိန်းသိမ်းကာ ဥပဒေကြောင်းအရ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

Source;Thaiger