ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်တွင် BMW ဇိမ်ခံကား မောင်းနှင်လာသူတစ်ဦးသည် မန်ချက်စတာဒါဘီ (Manchester Derby) ဘောလုံးပွဲစဉ်ကို မနက်မိုးလင်းခါနီးအထိ မအိပ်ဘဲ ကြည့်ရှုခဲ့သဖြင့် အိပ်ရေးပျက်ကာ လမ်းဆုံမီးနီမိစဉ် ကားပေါ်၌ပင် အိပ်ပျော်သွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့ နံနက် ၆:၂၀ နာရီခန့်တွင် နွန်သဘူရီမြို့နယ်၊ ဖိဘွန်ဆုန်းခရမ် လမ်းမပေါ်ရှိ ရာမ ၅ လမ်းဆုံတွင် မီးနီမိနေသော BMW ကားတစ်စီးအတွင်း ယာဉ်မောင်းသူ သတိလစ်နေကြောင်း ယာဉ်ထိန်းရဲများက သတင်းပို့ခဲ့သဖြင့် မောင်းနွန်သဘူရီ ရဲစခန်းမှ ယာဉ်ထိန်းရဲမှူး ဒုတိယရဲမှူးကြီး ဖာရိဝတ် (Pol. Lt. Col. Pariwat Soms-aad) သွားရောက်စစ်ဆေးခဲ့သည်။
နောက်တွဲယာဉ်ဖြင့် ကားကို ဆွဲယူပြီးနောက် ယာဉ်မောင်းဖြစ်သူ မစ္စတာ အေ (Mr. A) နိုးလာခဲ့သည်။ ၎င်းက မန်ချက်စတာယူနိုက်တက်နှင့် မန်ချက်စတာစီးတီးတို့၏ အင်္ဂလန်ပရီးမီးယားလိဂ် ဒါဘီပွဲစဉ်ကို ညဉ့်နက်သည်အထိ စောင့်ကြည့်ခဲ့သဖြင့် လွန်စွာ ပင်ပန်းနွမ်းနယ်ကာ ကားမောင်းနေစဉ် အိပ်ပျော်သွားခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
မော်တော်ယာဉ်အား လမ်းကြောင်းပိတ်ဆို့အောင် ရပ်တန့်မှုနှင့် သက်တမ်းလွန် လိုင်စင်ဖြင့် မောင်းနှင်မှု ပုဒ်မ ၂ ခုဖြင့် တစ်မှုလျှင် ဘတ် ၂,၀၀၀ စီဖြင့် စုစုပေါင်း ဘတ် ၄,၀၀၀ ဒဏ်ရိုက် အရေးယူခဲ့သည်။
အဆိုပါ ရဲအရာရှိ ဖာရိဝတ် ကိုယ်တိုင်ကလည်း မန်ယူပရိသတ်တစ်ဦးဖြစ်ပြီး ပွဲစဉ်ကို စောင့်ကြည့်ခဲ့ကြောင်း၊ သို့သော် ဟာလန်း (Haaland) ၏ ဂိုးဖန်တီးမှုမှတစ်ဆင့် ဒိုကူ (Doku) ခေါင်းတိုက်ဂိုး သွင်းယူသွားပြီးနောက် မန်ယူအသင်း ရလဒ်ကောင်းနိုင်မည် မဟုတ်တော့ဟု ယူဆကာ နံနက်ပိုင်း တာဝန်ထမ်းဆောင်နိုင်ရန် စောစီးစွာ အိပ်စက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ကားမောင်းနှင်သူ ပြည်သူများအနေဖြင့် ခရီးမထွက်မီ လုံလောက်စွာ အိပ်စက်နားနေကြရန်နှင့် မူးဝေပင်ပန်းစွာ ကားမောင်းနှင်ခြင်းမှ ရှောင်ကြဉ်ကြရန် သတိပေးထားသည်။
Source;Khaosod
